NCA အပစ်ရပ်အဖွဲ့များ ထိပ်သီးအစည်းအဝေးကျင်းပ

သတင်းနှင့်မီဒီယာ ကွန်ရက်။
မေလ ၁၄ ရက်နေ့၊ ၂၀၁၉  ခုနှစ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ စတုထ္ထကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ယနေ့ မေလ ၁၄ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

ထိပ်သီးအစည်းအဝေးကို မေလ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ နှင့်ပတ်သက်၍ သက်ဆိုင်ရာ အလုပ်အဖွဲ့များမှ အစီရင်ခံ တင်ပြဆွေးနွေးခြင်း၊ စုဖွဲ့မှုများ ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့်  တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ထံသို့ စာရေးသားပေးပို့ခဲ့သည့် အချက် ၃ ချက်ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ညှိနှိုင်း တိုင်ပင်ခြင်းအစည်းဝေး Peace process consultative meeting ပြောင်းလဲမည့်ကိစ္စ နှင့် တစ်စို့နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် ကတိကဝတ်ပြုချက် လက်မှတ်ရေးထိုးရေးကိစ္စများကို ဆွေးနွေးသွားကြရန် ရှိသည်ဟု သိရသည်။

ယနေ့ အစည်းအဝေးသို့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO  နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့မှ ခေါင်းဆောင်ကိုယ်စားလှယ် တချို့လည်း လေ့လာသူများအဖြစ် တက်ရောက်နေကြသည်။

ထိပ်သီးအစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ KNLA/PC ကရင်ငြိမ်းချမ်းရေးကောင်စီ ၊ ပအို့အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU မှ ခေါင်းဆောင်ကိုယ်စားလှယ် ၈၀ ကျော် တက်ရောက်နေကြသည်။