ကျောက်တန်း ဖမ်းဆီးခံများ လွတ်သော်လည်း ရွာကို ပိတ်ထားဆဲဖြစ်၍ ရွာသားများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ ကျန်ရှိနေသေးသည့် ရွာသားများအား မေလ (၁၃) ရက်နေ့ ယနေ့တွင် အကုန်ပြန်လွှတ်ပေးပြီဖြစ်သော်လည်း ကျေးရွာအဝင်အထွက်များ ပိတ်ဆဲဖြစ်သည့်အတွက် စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့ပဲကျန်နေတဲ့ ၂၀ ကျော်ကို ပြန်လွတ်ပေးတယ်။ အဲထဲမှာ နှစ်ယောက်က AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းထားလိုက်တယ်။ စစ်တွေကို ပို့လိုက်ပြီ။” ဟု ဖမ်းဆီးခံထားရသူများ၏ နောက်ဆုံးအခြေအနေကို အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောပြသည်။

“အခုက ပြန်လွတ်ပေးပြီဆိုပေမယ့် ရွာထဲက ရွာပြင်ဘယ်သူမှ ထွက်လို့ မရသေးဘူး။ ရိက္ခာ အစားအသောက်က ခက်တယ်။ အကုန်ငတ်ကုန်ပြီ။ ရေလည်းခက်တယ်။ ရခိုင်မှာက နွေဆိုရေကရှားတယ်။ အခုက ပိုဆိုးတယ်။ ရွာထဲက ရေကန်သုံးကန်လုံးကလည်း ရေခမ်းကုန်ပြီ။ ကွဲျတွေ နွားတွေလည်း သေကုန်တာ ၁၀ ကောင်ကျော်ပြီ။ ရေမသောက်ရလို့။ ရွာအပြင်က လူလည်းရွာထဲမပေး မဝင်ဘူး” ဟု သူက ဆက်ပြောသည်။

ကျောက်တန်းကျေးရွာမှ ရွာသားများအား ဧပြီလ ၃၀ ရက်နေ့ကစတင်ပြီး ကျေးရွာအထကကျောင်းဝင်းအတွင်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယနေ့ ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ပြန်လည် လွတ်ပေးခြင်းဖြစ်သည်။

ကျောက်တန်းကျေးရွာမှ ရွာသားများအား ရက္ခိိုင့်တပ်မတော် AA နှင့် ပတ်သက်မှု ရှိမရှိ တပ်မတော်က ခေါ်ယူ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် AA နှင့် ဆက်နွယ်သည်ဟု ယူဆရသူများအား စစ်တွေရဲစခန်းသို့ ပို့ထားသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “သူတို့ကို ဒီနေ့ အကုန် ပြန်လွှတ်တယ်။ နှစ်ဦးတော့ AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ ဖမ်းဆီးလိုက်တယ်။ ဒါပေမယ့် လွတ်တဲ့ လူတွေကလည်း အပြင်ထွက်လို့မရသေးဘူး။ တစ်ရွာလုံးပေါ့ ရွာပြင်ထွက်ခွင့်မပေးသေးဘူး။ ရွာကို အဝင် အထွက်ဘာမှလုပ်လို့မရသေးဘူး။ ရွာထဲက လူလည်း အပြင်ထွက်လို့ မရသေးဘူး။ ရွာပြင်ကလူလည်း ရွာထဲသွားလို့မရသေးဘူး။ အရင်အခြေအနေအတိုင်းပဲ” ဟု ပြောသည်။

တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ကျောက်တန်းကျေးရွာ စာသင်ကျောင်းအတွင်း AA နှင့် ပတ်သက်ဆက်နွယ်သူ မသင်္ကာဖွယ် အမျိုးသားများအား စစ်ဆေးမေးမြန်းခဲ့ရာ ထွန်းမင်းနိုင် (၂၀)နှစ်၊ နေလင်းထွန်း (၁၈) နှစ်တို့ နှစ်ဦးမှာ AA မှ ဖြစ်ကြောင်း ဝန်ခံခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရန် စစ်တွေ ရဲစခန်းသို့ မေလ ၁၃ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ကျန်ရှိသူ ၂၂ ဦး အား AA နှင့် ဆက်နွယ်မှု မရှိ ကြောင်း စိစစ်သိရှိရသဖြင့် နေ့လည်ပိုင်းက ကျေးရွာရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

မေလ (၂) ရက်နေ့က ပထမအသုတ်အနေဖြင့် ၁၂၆ ဦး၊ မေလ (၆) ရက်နေ့က ဒုတိယအသုတ်အနေဖြင့် ၄၈ ဦး၊ မေလ (၈) ရက်နေ့က တတိယအသုတ်အနေဖြင့် ၃၅ ဦး၊ မေလ (၁၁) ရက်နေ့က ၂၁ ဦးနှင့် ယနေ့တွင် နောက်ဆုံးအသုတ်အနေဖြင့် ၂၂ ဦးအား ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ရွာသားများအားလုံးကို လွှတ်ပေးခဲ့ပြီဖြစ်သော်လည်း နှစ်ပတ်အကြာ ရွာအတွင်း အဝင်အထွက်များအား ပိတ်ပင်ထားသည့်အတွက် အခက်အခဲများ ရှိနေသည်ဟု ဦးခင်မောင်လတ်က ဆက်ပြောသည်။

“စားနပ်ရိက္ခာက အခက်အခဲရှိတာပေါ့။ ရွာက ၁၀ ရက်ကျောက်ပိတ်ထားတော့ ရိက္ခာပြတ်ကုန်ပြီ။ နောက်မရှိ ဆင်းရဲသားတွေကများတော့ သူတို့ဝမ်းစာထွက်ရှာလို့လည်းမရတော့ သူတို့လည်းငတ်တာပဲ။ ပိုက်ဆံရှိတဲ့လူလည်း ငတ်တာပဲ၊ ကုန်စီးဝင်မှုမရှိဘူးဆိုတော့။ ပထမတစ်ခေါက်က စစ်တွေက ရဟန်းတွေသွားတော့ တစ်ခါ သွင်းရတယ်။ နောက်လွှတ်တော်အမတ်တွေသွားတော့ ရိက္ခာ တစ်ခါသွင်းခွင့်ရတယ်။ ဒီနေ့တစ်ခါသွင်းခွင့်ရ တယ်။ ဒါပေမယ့် တစ်ခါမှာ ဘယ်လောက်သွင်းရမလဲ စဉ်းစားကြည့်ပေါ့။ ဒီလောက် အိမ်ခြေ လေးငါးရာရှိတဲ့ ရွာမှာ ဒီလောက်ပဲဆိုတော့ မလောက်ငှဘူးလေ။ အပြင်မှာ လှူဒါန်းချင်တဲ့လူတွေ အများကြီးရှိတယ်။ လှူခွင့် မရဘူး။ ရိက္ခာပြတ်လတ်မှုက တော်တော်ဆိုးနေပြီ။”

ရဟန်းသံဃာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုမှုများ၊ အသနားခံမှုများကြောင့် ကျောက်တန်း ကျေးရွာအတွင်း အစားအစာနှင့် သောက်ရေ အနည်းငယ်စီ ပေးပို့ခွင့်ရခဲ့သော်လည်း ရရှိသော အကူအညီနှင့် ရွာအတွင်းမှ လူဦးရေ မမျှတမှုကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

“ရွာကိုလည်ပတ်ပတ်လည် ပိတ်ထားတုန်းပဲ၊ ဝိုက်ပတ်ပြီးပိတ်ထားတာကိုး။ ဘာမှလုပ်လို့မရဘူး။ ပြောရမယ်ဆိုရင် ရွာထဲမှာ ပြန်ပိတ်မိတာမျိုးပေါ့။ ဘယ်မှသွားလို့မရဘူး။ ကျန်းမာရေးကိစ္စ၊ ဆေးဝါးအကုန်လုံးပဲ၊ အစား အသောက်လည်း ခက်ခဲကုန်ပြီ။ စားဖို့တောင်မလောက်တော့ဘူူူး” အမည်မဖော်လိုသူ ဒေသခံက ဆက်ပြော သည်။

ကျေးရွာအတွင်း သွားလာခွင့်ကို မည်သည့်အကြောင်းကြောင်းကြောင့် ပိတ်ပင်ထားသည်ကိုလည်း မသိရကြောင်း ဒေသခံများက ပြောသည်။

ကျောက်တန်းကျေးရွာသားများအား တပ်မတော်က ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်များမှာ ဥပဒေနှင့် မကိုက်ညီကြောင်း၊ မည်သည့် အာဏာပိုင်အဖွဲ့အစည်းကမှ ထိုကဲ့သို့သော အပြုအမူမျိုး မလုပ်သင့်ကြောင်း ဦးခင်မောင်လတ်က ဆက်ပြောသည်။

“ဥပဒေနဲ့ မကိုက်ညီဘူး။ စိတ်ဓါတ်မြှင့်တင်ရေးတွေပြန်လည်လုပ်ဆောင်ပေးရမယ်။ စိတ်ဓါတ်ရေးရာ အပိုင်းက အစ၊ စီးပွားရေး၊ လူမှုရေး၊ အခုက မတော်မတရားလုပ်သွားတယ်လို့ပဲ ပြောရမှာ။ ဘာလို့လဲဆိုရင် အပြစ်ရှိတဲ့လူက နည်းနည်းလေး အဲ့ဒါတောင်မှ တရားရုံးရောက်သေးတာ မဟုတ်ဘူး။ တဖက်က စွပ်စွဲတာပဲရှိသေးတယ်။ အပြစ်ရှိတယ်လို့ ယူဆရတဲ့လူ ၁၀ ယောက်ကျော်ကြောင့် လူတွေသေဆုံးရတယ်။ ဒုက္ခရောက်ရတယ်။ ရက်ပေါင်း တစ်ဆယ်ကျော် စစ်ဆေးခံရတယ်။ တစ်ရွာလုံးက ဒုက္ခကျရတယ်။ အဲ့ဒါမျိုးက အခုလည်းမဖြစ်သင့်ဘူး။ နောင်လည်း မဖြစ်သင့်ဘူးလေ။”

ကျောက်တန်းကျေးရွာ ဖြစ်စဉ်အတွင်း တပ်မတော်မှ ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးပြီး၊ ၈ ဦး ဒဏ်ရာရရှိခဲ့ သည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာအနီးရှိ AA ယာယီတပ်စခန်းကို တပ်မတော်မှ သိမ်းယူပြီးနောက်၊ AA အဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာနှင့် စေတီတောင်ကျေးရွာအတွင်း ဒေသခံများအသွင်ဆောင်ကာ ဝင်ရောက်လှုပ်ရှားနေခြင်းများကြောင့် ကျောက်တန်းကျေးရွာမှ ရွာသား (၂၇၅) ဦးအား ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းကာ အိမ်ထောင်စုစာရင်းများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးမှု များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။