ကျောက်တော် ပစ်ခတ်မှု ကလေး တစ်ဦးသေ၊ ၅ ဦးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အတွက် ကလေးငယ်တစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၉ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုများအတွင်း အသက် (၁၀) နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦးသေဆုံးပြီး လူ ၅ ဦး ဒဏ်ရာ ရခဲ့သည်ဟု ဒေသခံများက ပြောသည်။ သေဆုံးသူမှာ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ အသက် (၁၀) နှစ်အရွယ် မအသိန်းချေ ဖြစ်ပြီး မာလာကျေးရွာမှ အသက် (၁၁) နှစ်အရွယ် တစ်ဦး၊ အသက် (၁၀) နှစ်အရွယ်တစ်ဦး၊ မောင်ခိုင်လင်းဌေး အသက် (၃) နှစ်၊ မိခင်ဒေါ်မအောင် သိန်း အသက် (၂၈) နှစ်နှင့် အသက် (၆၀) အရွယ်အမျိုးသားတစ်ဦးတို့ လက်နက်ကြီးကျည်စနှင့် သေနတ် ကျည်ဆံထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ကျောက်တော်မြို့နယ် မျောက်တောင်ရွာနဲ့ မာလာရွာရဲ့ ကြားမှာဖြစ်တာ၊ မနေ့ညနေက စစ်ကားတွေရွာနားကို ရောက်လာတယ်။ အဲ့မှာ ပစ်ခတ်ကြတယ်။ ညနေ ၅ နာရီခွဲ ၆ နာရီလောက်ပေါ့၊ ရောက်ပြီးတာနဲ့ လက်နက်ကြီး တွေနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်းပစ်တယ်။ အဲ့မှာ ကျနော်တို့ မျောက်တောင်ရွာက ကလေးငယ် ၁၀ နှစ်အရွယ်ပေ့ါ သမီးလေး မအသိန်းချေ သေသွားတယ်။ ကျည်က ခေါင်းကိုထိတာ၊ နောက်စေ့ကိုထိတာ။ သူတို့ မောင်နှမနှစ်ယောက် လက်ဆွဲပြီပြေးလာရင်းနဲ့ သူ့ညီမလေးက ခေါ်မရလှုပ်မရတော့ ထားခဲ့ပြီး သူ့အစ်ကိုက တော့ ပြေးလို့လွတ်သွားတယ်။ သူတို့နှစ်ယောက် တောင်ပေါ်က ဘုန်းကြီးကျောင်းက အပြန်ပေါ့။ ကလေးတွေကို ရန်သူရန်သူဆိုပြီး ပစ်တယ်တဲ့ ကျန်ခဲ့တဲ့ သူ့အစ်ကိုကပြောပြတာ” ဟု မျောက်တောင်ရွာက အမည်မဖော် လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မျောက်တောင်ကျေးရွာမှ မောင်နှစ်မနှစ်ဦးမှာ တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းမှ ဘုန်းကြီးအတွက် ဆေးနှင့်ဖုန်းဘေလ်သွားပို့ရာ အပြန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မအသိန်းချေ၏ ရုပ်အလောင်းအား ယနေ့နံနက် (၈) နာရီခန့်အချိန်မှာ ကျေးရွာမှ ရပ်မိရပ်ဖများ၊ လူငယ်များက သွားကောက်ခဲ့ရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“မနေ့ညကတည်းက သွားကောက်ဖို့ သူ့အမေက စစ်သားတွေကို ပြောတယ်။ အဲ့ဒါမကောက်ခိုင်းဘူး။ ငါတို့ပြန် မှကောက်ဆိုပြီးပြောတာ။ ဒီမနက် (၈) နာရီကမှ သွားကောက်တယ်၊ အခုအလောင်းတော့ ကျောက်တော် နာရေးအသင်းက ယူသွားတယ်” ဟု ပြောသည်။

“ပစ်တာကလည်း ကျနော်တို့ မြင်နေရတာက ရမ်းပြီးပစ်နေတဲ့ပုံစံမျိုး လျှောက်ပစ်တာဗျ။ ဖြစ်ဖြစ်ချင်းတော့ ရွာသားတွေ အကုန်လုံး ထွက်ပြေးကြတယ်။ အဲ့မှာ ရွာထဲက စီးပွားဖြစ်ကြက်မွေးတဲ့ အိမ်ရှိတယ်။ ကြက် ၄၀၀ လောက်မွေးထားတာ၊ အခုအကောင် (၄၀) ကျော်ပဲ ကျန်တယ်။ စစ်သားတွေယူသွားတာ။ ဖြစ်ဖြစ်ချင်းတော့ စစ်ကားက ၇ စင်းပဲ၊ နောက်တော့ အစင်းလေးငါးဆယ်လောက် ထပ်ရောက်လာတယ်။ တစ်ညလုံးစစ်သား တွေက ရွာပတ်ပတ်လည်မှာ ဒီမနက်ပြန်သွားတာ။”

အလားတူ မျောက်တောင်ရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် မာလာရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျခဲ့သည့်အတွက် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းမှ ဓမ္မာရုံနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု မာလာရွာသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ရွာမှာက ၄ ယောက်ပေါ့ သားအမိတွေပဲ၊ ကလေးငယ်က နောက်ကျောလား ကျောကုန်းပေါ့ အဲ့မှာ လက်နက်ကြီးစမှန်တယ်။ လက်နက်ကြီးပစ်လို့ ဒီသေနတ်သံတွေကြားလို့ ကလေးကိုချီပြီးထွက်ပေးတာ၊ အဲ့ဒီမှာ ထိသွားတာ။ သူ့အမေလည်း ထိတယ်၊ ကျန်တဲ့ကလေးနှစ်ယောက်လည်း ထိတယ်။ ကျောကုန်းမှာ ထိတဲ့တစ်ယောက် စိုးရိမ်ရတယ်။ ကလေးဆိုတော့ဗျာ မခံနိုင်ဘူး။ အခု စစ်တွေဆေးရုံကို ပို့လိုက်ပြီ။ သူ့အမေရောပေါ့။ နောက်ပြီး ဒီနေ့ ညနေကမှ တွေ့တာ။ ရွာထဲက အသက် (၆၀)အရွယ် အဘိုးကြီးတစ်ယောက်လည်း သေနတ်မှန်သွားတာတဲ့ လူကြီးက ပုန်းနေတာ ပြန်တွေ့တယ်။ ပြီးရွာက ဓမ္မာရုံခေါင်မိုးတွေလည်း ပျက်ကုန် တယ်၊ အိမ်တချို့ပေါ်လည်း လက်နက်ကြီးကျတယ်” ဟု မလာရွာသားတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ဖြစ်ဖြစ်ချင်းတော့ ဘယ်သူမှ မသွားရဲဘူး၊ ရေလမ်းကလည်း အဆင်မပြေဘူး၊ စစ်သင်္ဘောတွေနဲ့၊ အဲ့ဒီပတ်ဝန်းကျင်နားမှာပစ်တာ ခတ်တာတော်တော်များများဖြစ်တယ် သေတဲ့လူက သွားယူလို့မရတဲ့ အခြေအနေမျိုးရှိနေတော့ ကျနော်တို့ ဒဏ်ရာရတဲ့ ကလေးတစ်ယောက်ကိုပဲ ဆေးရုံ မနက် တစ်နာရီ ခွဲလောက်မှ ပိ့ုဖြစ်လိုက်တယ်။ မနက်ပိုင်းရောက်မှပဲ ၁၀ နာရီ ကျော်လောက်မှာတော့ သေသွားတဲ့အလောင်းကို မြို့နယ်ဆေးရုံကိုပို့လိုက်တယ်။ အဲ့အချိန်မှပဲ မာလာရွာမှာ အသက် (၆၀) လောက်ရှိတဲ့လူကြီးက ကျည်ထိလို့ လက်မှာဒဏ်ရာတွေနဲ့ ကြောက်ပြီး တစ်ယောက်က အိမ်ထဲမှာ ပုန်းနေတယ်။” ဟု ပြောသည်။

မျောက်တောင်ကျေးရွာနှင့် မာလာကျေးရွာအကြား ပစ်ခတ်မှုဖြစ်နေကြောင်း ရွာသားများက လွှတ်တော်ကိုယ် စားလှယ်ထံ အကြောင်းကြားလာသည့်အတွက် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ဒေသအတွင်းရှိ တပ်မတော်မှ ဗျူဟာမှူးတစ်ဦးထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့ကာ နံနက် တစ်နာရီခွဲအချိန်ခန့်ရောက်မှ ထိခိုက်ဒဏ်ရာရသူ မာလာရွာမှ အသက် (၃) နှစ်အရွယ် ကလေးငယ်အား ဆေးရုံသို့ပေးခဲ့သည်ဟု ဦးထွန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့် ပက်သတ်၍ တပ်မတော် တာဝန်ရှိသူများအားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ရက္ခိုင့်တပ်မတော် (AA) ကတော့ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာနှင့် မလာကျေးရွာအနီး ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဟု မီဒီယာများတွင် အတည်ပြုပြောဆိုထားသည်။

ယမန်နေ့ကလည်း စစ်တွေ့ မြို့တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ရပ်စဲပေးရန်၊ အပြစ်မဲ့ပြည်သူများ မတရားဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန်၊ စစ်ရေးပဋိပက္ခများအတွင်း မတရား ပစ်ခတ်ခံရသူများအတွက် ဥပဒေအရ အရေးယူပေးရန်နှင့် စစ်ဘေးရှောင် ဒုက္ခသည်ပြည်သူများ နေရပ်ရင်း အမြန်ဆုံး ပြန်နိုင်ရေးတို့အတွက် သံဃာတော်များနှင့် ဒေသခံပြည်သူ (၃၀၀၀) နီးပါးခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။