တရုတ်နယ်စပ် ကုန်သွယ်မှု တန်ဖိုး လွန်ခဲ့သည့်နှစ်အတွင်း ဒေါ်လာသန်း ၅၀၀ ခန့်ကျဆင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်။

တရုတ်-မြန်မာနယ်စပ်တလျှောက် မြန်မာနိုင်ငံက တင်ပို့သည့်ကုန်ပစ္စည်းများအား တရုတ်ဘက်ခြမ်းက ဖမ်းဆီး မှုများ၊ တင်းကြပ်ပိတ်ဆို့မှုများ လုပ်ဆောင်လာသည့်အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းငါးရာ နီးပါးခန့် ကျဆင်းသွားသည်ဟု နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက ပြောသည်။

အဓိကအားဖြင့် တရုတ်ပို့ကုန်များမှာ ပုံမှန်ဖြစ်သော်လည်း မြန်မာပို့ကုန်တန်ဖိုးကျဆင်းသွားခြင်း ဖြစ်ကြောင်း ကုန်သွယ်ရေးဇုန် တာဝန်ခံများက ပြောသည်။

၂၀၁၈ ခုနှစ် ဧပြီလကုန်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စာရင်းအရ နယ်စပ်ကုန်သွယ်ရေး ကျဆင်းမှုအခြေအနေနှင့် ပတ်သက်၍ မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးတင်ရဲဝင်းက ယခုကဲ့သို့ ပြောသည်။

“ကျတာပေါ့ ဒေါ်လာသန်း ငါးရာလောက်ကျတယ်။ သန်းငါးရာလောက်ဆိုတာ ဒီဧပြီကနေ အခုဖေဖော်ဝါရီလ ကုန် ကိန်းဂဏ္ဏာန်းအရ လေးရာရှစ်ဆယ်လောက် ပြုတ်ကျသွားတယ်။ အမေရိကန် ဒေါ်လာသန်းပေါင်း” ဟု ပြောသည်။

မြန်မာကုန်ပစ္စည်းများ တင်သွင်းမှုကို တရုတ်ဘက်က လွန်ခဲ့သည့်နှစ် အောက်တိုဘာက စတင်၍ တင်းတင်းကြပ်ကြပ် ပိတ်ဆို့လာခဲ့ခြင်း ဖြစ်သည်ဟု ဦးတင်ရဲဝင်းက ပြောသည်။

“တရုတ်က သူ့ရဲ့ နယ်နမိတ်တစ်လျှောက်မှာ တစ်ရက်ဆယ်လက စပြီးတော့ ဒီစီးပွားရေး ပိတ်ဆို့မှုကို တင်းတင်း ကြပ်ကြပ် စလုပ်လာတယ်။ မှတ်မှတ်ရရ တရုတ်အမျိုးသားနေ့ပေါ့ ၁-၁၀-၂၀၁၈ က စပြီးတော့ နယ်နမိတ် တစ် လျှောက်မှာရှိတဲ့ တရား မဝင် ကုန်ပစ္စည်းဝင်ရောက်မှုကို တင်းကြပ်စွာ သူတို့ ပိတ်ဆို့လိုက်တယ်။ ပို့လို့မရဘူး။ ဝင်လို့မရဘူး။ အရောင်းအဝယ်ကျတယ်။ ဒီနေရာသည် ကျနော် အရှေ့က ပြောထားသလို ပို့ကုန်ပစ္စည်း အများစု ထွက်တဲ့နေရာ ပို့ကုန်ပစ္စည်းအများစု ထွက်မရပြီဆိုမှတော့ ကုန်သွယ်မှုကျပြီပဲ။”

မြန်မာနိုင်ငံအနေဖြင့် တရုတ်ကို တင်သွင်းနေသည့် ကုန်ပစ္စည်းများကို တရားဝင် သတ်မှတ်ကာ တင်သွင်းနေ သော်လည်း တရုတ်နိုင်ငံဘက်အနေဖြင့် မြန်မာကုန်ပစ္စည်းများကို တရားဝင်ကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် သတ်မှတ်ထားခြင်း မရှိသေးဟု နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများ က ပြောသည်။

“တင်သွင်းတဲ့အပိုင်းက တစ်ဖက်နိုင်ငံရဲ့ ဥပဒေနဲ့ ဆိုင်သွားသလို ဒီတင်ပို့တဲ့ ကျနော်တို့ကလည်း ကျနော်တို့ ဥပ ဒေနဲ့ ကျနော်တို့ ပို့နေတာပေါ့။ သေချာတာက ကျနော်တို့က တရားဝင် ဟိုဖက်က တရားမဝင်ဆိုတော့က ကြား ထဲကနေပြီး ပြောရမှာ နည်းနည်းလေးတော့ ခက်တယ်” ဟု မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သွယ် ကြီးများအသင်း၏ ဗဟိုအလုပ်အမှုဆောင် စပ်စံမိဏ်း က ပြောသည်။

မြန်မာနိုင်ငံမှ တင်ပို့နေသည့် အဓိကပစ္စည်းများမှာ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်များနှင့် ရေထွက် ပစ္စည်းများဖြစ်သည်။ တင်ပို့နေသည့် ပစ္စည်းများနှင့် ပတ်သက်၍ မူဆယ်-နမ့်ခမ်းကုန်သွယ်ရေးအသင်း က တွဲဖက်အထွေထွေအတွင်းရေးမှူး-၄ စိုင်းထွန်းကိုကို က ယခုကဲ့သို့ ပြောသည်။

“ပို့ကုန်မှာ သစ်သီးတွေ ရှိပါတယ်။ နောက် အရင်ကဆိုလို့ရှိရင် သကြားတွေ ရှိပါတယ်။ အဓိက ကျနော်တို့ နိုင်ငံ ရဲ့ ထွက်ကုန်ဖြစ်တဲ့ ပြောင်းရှိပါတယ်။ ဆန်တွေရှိပါတယ်။ နောက်ကျနော်တို့ ရာဘာတို့ တစ်ခြား ဆက်စပ် ပစ္စည်းတွေကို export ပို့ကြပါတယ်။ နောက်ကျနော်တို့ ပို့ကုန်တွေထဲမှာ သဘာဝဓာတ်ငွေ့လည်း ပါတယ်။ လောလောဆယ်အနေအထားမှာ ဆိုရင်တော့ ဆန်၊ ပြောင်း၊ သကြား တရုတ်ဖက်က နည်းနည်း အဖမ်းအဆီး များတဲ့အတွက်တော့ ဒီမှာ နည်းနည်းပုံနေတာတော့ ရှိတာပေါ့လေ။ နောက်ကျနော်တို့ဆီကပို့နေတဲ့ export နွား ပေါ့ နွားလည်း တရုတ်ဖက်မှာ တရားဝင် ရောင်းဝယ်လို့ရအောင် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ပါ တယ်။ သွင်းကုန်နဲ့ ပတ်သက်တာ ဆိုရင်တော့ သွင်းကုန်ကတော့ ပုံမှန်အတိုင်းတော့ သွားလာနေပါတယ်။”

တရုတ်နိုင်ငံဘက်က စားသောက်ကုန်၊ လူသုံးကုန်၊ အထည်အလိပ်တွေ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်းနှင့် စက်ယန္တယားများကို မြန်မာနိုင်ငံဘက်ခြမ်းကို တင်သွင်းနေခြင်းဖြစ်ပြီး တရုတ်သွင်းကုန်များမှာ ပုံမှန် အနေအထားအတိုင်း သွားနေသည်ဟု စိုင်းထွန်းကိုကိုက ပြောသည်။

မြန်မာနိုင်ငံက တရုတ်ဘက်ကို ပို့သည့် ပို့ကုန်အပိုင်းကို တရုတ်ဘက်ခြမ်းက တင်းတင်းကြပ်ကြပ် ကိုင်တွယ် နေ သည်ဟု ပြောသည်။

ကုန်သည်လက်ကြီးသမားများတင်မကပဲ မြန်မာနိုင်ငံဘက်ခြမ်းက တပိုင်တနိုင် တင်သွင်းနေသည့် ကုန်ပစ္စည်းများကိုပါ နယ်စပ်တင်သွင်းခွင့် သယ်ယူခွင့်များကို ပိတ်ပင်နေသည်ဟု ကုန်သည်များက ပြောသည်။ သို့သော်လည်း တရုတ်ကုန်ပစ္စည်းများမှာ မြန်မာနိုင်ငံထဲသို့ နေ့စဉ် အဆက်မပြတ်ဝင်ရောက်သည်ဟု သိရသည်။

လက်ရှိအနေအထားများကို ဖြေရှင်းနိုင်ရေး တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်ခြမ်းကို ညှိနှိုင်းသော်လည်း ယနေ့အချိန်ထိ အဆင်မပြေသေးဘူးဟု ဦးတင်ရဲဝင်းက ဆက်ပြောသည်။

“ကျနော်တို့ အစိုးရပိုင်းက ကိုင်တွယ်ဖို့ စကားပြောလိုက်တိုင်းမှာ တရုတ်နိုင်ငံရဲ့ ဖြေလာတဲ့ စကားဟာ တစ်ခွန်း ပဲ ရှိတယ်။ သူ့နိုင်ငံရဲ့ တရားမဝင်ကုန်သွယ်မှုကို သူတားဆီးတာပါတဲ့။ ကျနော်တို့ ဘယ်လိုပြန်ပြောမလဲ ကဲ ပြော နိုင်ငံတိုင်းသည် သူ့တရားမဝင်ကုန်သွယ်မှုကို သူတားပိုင်ခွင့်ရှိတယ်လေ။ ကျနော်တို့ရဲ့ ကုန်ပစ္စည်းတွေကို နဂိုကတည်းက တရုတ်က တရားမဝင်အနေနဲ့ လက်ခံထားတာ အဲတော့ သူ့နိုင်ငံအတွင်းမှာ တရားမဝင်ကုန်သွယ်မှုကို သူတားဆီးတယ် ကျနော်တို့ ဘာဆက်ပြောခွင့်ရှိမလဲ။”

နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရေး ထိရောက် သည့် ဆွေးနွေးမှုများ တွေ့ဆုံမှုများ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့ လိုအပ်သည်ဟု နယ်စပ်ဒေသက ကုန်သည်များနှင့် ကုန်သွယ်ရေးကဏ္ဍ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပကုန်သွယ်မှုအတွက် နယ်မြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်ရေး စာချုုပ်ချုပ်များ ချုပ်ဆိုထားသည်။

မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံနှင့် မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ ထီးခီး၊ မယ်စဲ့ ဂိတ်များမှ ထိုင်းနိုင်ငံနှင့် ထို့အပြင် အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နိုင်ငံများနှင့် ကုန်သွယ်နိုင်ရန် တမူး၊ ရိဒ်ခေါဒါ၊ မောင်တော၊ စစ်တွေစသည့် နယ်စပ်ဂိတ်များ ဖွင့်လှစ်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နယ်စပ် ကူးသန်းရောင်းဝယ်ရေးအတွက် နယ်စပ်ဂိတ်စခန်း ၁၅ ခု အထက် ဖွင့်လှစ်ထားပြီး မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များမှ ၆၅ ရာခိုင်နှုန်းကျော်တင်ပို့ပြီး အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး နေရာဖြစ်သည်။