အပစ်ရပ်လက်မှတ်ထိုးသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
မေလ ၂၉ ရက်နေ့၊ ၂၀၁၉ ခုနှစ်။
လားဟူဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနေသည်ဟု လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU က ပြောသည်။
အဓိကအားဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် နယ်မြေကန့်သတ်မှုများနှင့် အထောက်အပံ့ နည်းပါးမှုတို့ ဖြစ်သည်။
လားဟူဒေသတွင်း၌ UWSA ၀ လက်ကိုင်အဖွဲ့များအပါအဝင် ပြည်သူစစ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်း များပြားသည့်အတွက် မိမိဒေသတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ ကန့်သတ် တားဆီးမှုများ ကြုံနေရခြင်းဖြစ်သည်ဟု LDU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန် မှ ပြောဆိုသည်။
“တချို့ကျတော့ ဘာသာရေးဘက် ပတ်သက်နေတယ် ပြီးခဲ့တဲ့ နှစ်တောင်မှ မိုင်းပေါက် ခရိုင်ထဲမှာ လားဟူဒေသဖွံ့ဖြိုးရေး ၊ လားဟူတွေကျတော့ ခရစ်ယာန်ဘာသာမကိုးကွယ်ရဘူး ဆိုတော့ နည်းနည်းလေး ဖျက်စီးတာ တွေ့ရတယ်၊ လက်မှတ်ထိုးပေးရတာ တွေ့ရတယ်၊ ဒီ တောင်ပိုင်း မှာလည်း တချို့ ၀ ဒေသ၊ တချို့ လက်နက်ကိုင် အဖွဲ့အစည်းက လားဟူဒေသ မြေတွေပေါ့ မြေကွက်တွေ လာဦးတာလည်း ရှိပါတယ်။”
လားဟူဒေသတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများသည် လုံခြုံမှု ကောင်းစွာ မရရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် မိုးပုံမှန်မရရှိ၍ စိုက်ပျိုးရေး ခက်ခဲမှုများ ကြုံတွေ့ရခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများပြားခြင်းကြောင့် ကျေးရွာတွင်း မနေထိုင်ရဲသူများပြားခြင်း၊ ထွက်ပြေးရှောင်တိမ်နေရသူများ နေရပ်မပြန်ရဲသူများ ရှိခြင်းတို့ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ကြောက်လန့်၍ မိသားစုအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲ ကြုံတွေ့နေရသူများ ရှိနေကြသည်ဟု ဗိုလ်မှူးကြီး ဆော်လမွန် မှ ဆက်ပြောသည်။
ထို့အတွက် လူသားချင်းစာနာမှု အကူအညီရရှိရန် အစိုးရထံ တင်ပြတောင်းဆိုထားသော်လည်း ယနေ့အချိန်အထိ အစိုးရမှ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုလာတာ မရှိသေးဘူးဟုလည်း ဗိုလ်မှူးကြီး ဆော်လမွန် မှ ပြောသည်။
“ဖွံ့ဖြိုးရေးလုပ်ဖို့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေါ့ နော့် ဆန်တို့ ဆေးတို့ ဒီ အစိုးရ တောင်းထားတယ် အခုထိ ဘာမှ မပြန်သေးဘူး၊ အစိုးရ ပေးလိုက်လို့ရှိရင် နိပွန်းဖောင်ဒေးရှင်း က အဲ့ဒီ ဆန်တို့ ဆေးပေါ့နော် ဒါ လူသားချင်း စာနာတဲ့ အကူအညီကတော့ သူတို့ ပေးမယ်လို့ ပြောတယ်၊ အခုထိ အစိုးရက ဘာမှ မကြားသေးဘူး၊ တင်ထားတာ တလ လောက်ရှိပြီး။”
မေလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပသည့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့၏ မဟာဗျူဟာ လုပ်ငန်းစဉ် အစည်းအဝေးတွင် ဗိုလ်မှူးကြီး ဆော်လမွန် မှ ယခုကဲ့သို့ အတည်ပြု ပြောဆိုခဲ့ခြင်းဖြစ်သည်။
သုံးရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် လာမည့် ၂၀၂၀ မတိုင်မှီ အစိုးရမှ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ UPC တွင် တင်ပြနိုင်ရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ကိုက်ညီသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ် တစ်ခု ရရှိစေရန်လည်း ပါဝင်သည်ဟု ဗိုလ်မှူးကြီး ဆော်လမွန် မှ ဆက်ပြောသည်။
လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့သည် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA စာချူပ်အား မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့နှင့်အတူ နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။