တင်ဒါ စည်းကမ်း ဖောက်ဖျက်မှု ပွင့်လင်းမြင်သာစွာ ချပြရန် မွန်ညီညွတ်ရေးပါတီတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် မေလ ၂၉ ရက်။

တင်ဒါမခေါ်ပဲ လုပ်ပိုင်ခွင့်ပေးခဲ့သည့် ရေးမြို့နယ်အတွင်း က ကျပ်သန်းတစ်ထောင်တန် လမ်းပိုင်းကိစ္စ ပွင့်လင်းမြင်သာစွာ ချပြရန် မွန်ညီညွတ်ရေးပါတီက မွန်ပြည်နယ်အစိုးရအား တောင်းဆိုလိုက်သည်။

မွန်ပြည်နယ် ရေးမြို့ နယ်အတွင်းက အောင်သပြေ-နှစ်ကရင် လမ်းကို ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရက တင်ဒါမခေါ်ပဲ ကုမ္ပဏီအား လုပ်ပိုင်ခွင့်ပေးခဲ့သည့်ကိစ္စအပေါ် ပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ချပြရှင်းလင်းရန် မွန်ညီညွှတ်ရေးပါတီ က ပြည်ထောင်စုအစိုးရထံ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်တွင် အဆိုပါကိစ္စရပ်အား တစ်စုံတစ်ရာ ကိုင်တွယ်ဆောင်ရွက်ခြင်းမပြုပဲ အချိန်ဆွဲကာ ဖုံးကွယ် ထားခြင်းသည် လွှတ်တော်နှင့် အစိုးရအကြား ပွတ်တိုက်မှု ပိုမိုမြင့်တက်လာစေနိုင်သည့်အပြင် ဒီမိုကရေစီကျင့်စဉ်အရ မဏ္ဍိုင်နှစ်ရပ်အကြား အပြန်အလှန်ထိန်းကျောင်းမှု အားနည်းသွားစေမည်ဟု မွန်ညီညွတ်ရေးပါတီက ထောက်ပြထားသည်။

ထု့ိကြောင့် ရှေ့ဆက်မည်သို့ကိုင်တွယ်ဆောင်ရွက်ရန် ရှိသည်ကို ပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းလင်းသင့်ကြောင်း ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ကို တိုက်တွန်းထားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတဲ့ဟာ ရှင်းရှင်းလင်းလင်း လူထုကို ချပြသင့်တယ်၊ ဒီကိစ္စ အချိန်ဆွဲပြီးတော့ ဖုံးကွယ်ထားတာကတော့ မဖြစ်သင့်ဘူး” ဟု မွန်ညီညွတ်ရေးပါတီ တည်ထောင်သူ တစ်ဦးဖြစ်သည့် နိုင်လရီတမ က ပြောသည်။

ဘတ်ဂျက် ကျပ်သန်း (၁၀၀၀) ဖြင့် ဆောင်ရွက်စေခဲ့သည့် အောင်သပြေ-နှစ်ကရင်လမ်းကို တင်ဒါမခေါ်ပဲ Southern Myanmar Development Co.Ltd, အား လုပ်ပိုင်ခွင့်ပေးခဲ့သည်နှင့် ပတ်သက်ပြီး မေလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌ ဒေါက်တာအောင်နိုင်ဦး က မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိန့်ခွင့်ပြုချက်နှင့် တင်ဒါမခေါ်ပဲ ကုမ္ပဏီကို လုပ်ငန်း ဆောင်ရွက်စေခဲ့သည်ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြန်လည်ဖြေကြားထားခဲ့သည်။

သို့သော်လည်း အဆိုပါကိစ္စသည် ဝန်ကြီးချုပ် ကိုယ်တိုင် ဆုံးဖြတ်ခဲ့သည်ဟု ယခင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဖြစ်သည့် မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန် က လွှတ်တော်တွင် ပြောခဲ့သည်။

အဆိုပါကိစ္စသည် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်းနှင့် မညီ သလို အဂတိလိုက်စားမှုနှင့် မကင်းပဲ ရှိနိုင်ကြောင်း အများပြည်သူကြား ဝေဖန်မှုများရှိနေသည်။

ယင်းကိစ္စအပေါ် ပြည်ထောင်စုအစိုးရ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ မည်သို့ မည်ပုံ ကိုင်တွယ် ဖြေရှင်းသွားမည်ဆိုသည်ကိုလည်း ပြည်သူလူထုအကြား စိတ်ဝင်စားလျက်ရှိနေသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ယခုကဲ့သို့သော ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ စိစစ်စုံစမ်းဆောင်ရွက်သင့်ကြောင်းလည်း မွန်ညီညွတ်ရေးပါတီတည် ထောင်သူများက တိုက်တွန်းထားသည်။