မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက် အကောင်းဆုံးရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောက်ချက် မြန်မာတစ်နိုင်ငံလုံးတွင် မွန်ပြည်နယ်သည် အောင်ချက်အကောင်းဆုံးဖြင့် ပထမရရှိသည်ဟု မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ဇွန်လ ၈ ရက်နေ့က ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် စာစစ်ဌာန ၆၂ ခုတို့မှ ဖြေဆိုသူ ၂၈၈၂၁ ဦးရှိသည့်အနက် ၁၀၈၁၉ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၃၇ ဒဿမ ၅၄ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက်ပထမအမြင့်ဆုံး ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
မွန်ပြည်နယ်သည် ၂၀၁၇–၂၀၁၈ ပညာသစ်နှစ်တွင် အောင်ချက် တတိယနေရာရရှိခဲ့သော်လည်း ၂၀၁၈–၂၀၁၉ ပညာသင်နှစ်မှာတော့ အောက်ချက် ပထမနေရာပြန်လည်ရရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ကြည် (စီမံ) က ပြောသည်။
“ဒီနှစ် အောင်ချက် ၃၇ ဒဿမ ၅၄ ရာခိုင်နှုန်းနဲ့ ပထမရတယ်၊ မနှစ်ကစာရင် ဒီနှစ်အောင်ချက်ရာခိုင်နှုန်း နည်းနည်းတက်လာတာပေါ့” ဟု ဒေါ်လဲ့လဲ့ကြည်က ပြောသည်။
၂၀၁၉ ခုနှစ် အောင်ချက် တက်လာသော်လည်း ယမန်နှစ်နှင့်ယှဉ်လျှင် ဂုဏ်ထူးရရှိသူ လျော့နည်းသွားကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
၂၀၁၈ ခုနှစ်က ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၅ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၆၆ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၅၅ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၄၂၂ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၂၁၉၃ ဦး ရရှိကြသည်။
၂၀၁၉ ခုနှစ်တွင် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၆ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၈၅ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၈၄ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၁၇၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁၂၅ ဦး ရရှိကြသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းတွင် မုဒုံမြို့နယ်သည် အောင်ချက်အကောင်းဆုံးဖြစ်ပြီး အောင်ချက် ၅၂ ဒဿမ ၁၄ ရာခိုင်နှုန်း၊ ဒုတိယအောင်ချက်အကောင်းဆုံးအဖြစ် သံဖြူဇရပ်မြို့နယ် အောင်ချက် ၄၅ ဒဿမ ၀၃ ရာခိုင် နှုန်းနှင့် တတိယအဖြစ် မော်လမြိုင်မြို့ နယ် အောင်ချက် ၄၄ ဒဿမ ၉၃ ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။
၂၀၁၈–၂၀၁၉ တက္ကသိုလ်ဝင်တန်း အောင်ချက် ရာခိုင်နှုန်း အမြင့်ဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မွန် ပြည်နယ်သည် ပထမဖြစ်ပြီး အောက်ချက် ၃၇ ဒဿမ ၅၄ ရာခိုင်နှုန်း၊ ဒုတိယဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် အောင်ချက် ၃၆ ဒဿမ ၁၃ ရာခိုင်နှုန်း၊ တတိယဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အောင်ချက် ၃၄ ဒဿမ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း ပညာရေးမှူးဌာနက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့သည့် မွန်ပြည်နယ်သည် ၂၀၁၄–၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယရရှိခဲ့ပြီး ၂၀၁၅–၂၀၁၆ ပညာသင်နှစ်၊ ၂၀၁၆–၂၀၁၇ ပညာသစ်နှစ်တွင် ပထမ နေရာကို ပြန်လည်ရရှိလာခဲ့သော်လည်း ၂၀၁၇–၂၀၁၈ ပညာသစ်တွင် တတိယသို့ ပြန်ကျသွားခဲ့သည်။ ယခု ၂၀၁၈–၂၀၁၉ ပညာသင်နှစ်တွင် ပထမ ပြန်ရရှိခဲ့သည်။