PPST ထိပ်သီး အစည်းအဝေး ရွှေ့ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇွန်လ ၉ ရက်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပမည့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီး အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သည်။

ဤအစည်းအဝေးတွင် သဘောထားကွဲလွဲနေသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အား ဆက်လက်ထားရှိမည် မရှိမည်ကို ဆွေးနွေးရန် ရှိနေခဲ့သည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ PPST အစည်းအဝေးကို ထိုင်းအာဏာပိုင်များက ခွင့်မပြုသောကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း အမည်မဖော်လိုသူ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ပြောသည်။

အစည်းအဝေးသို့ သတင်းလာရောက်ယူသည့် သတင်းထောက်များကိုမူ လူမစုံသဖြင့် အစည်းအဝေး မကျင်းပဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောခဲ့သည်။

မြန်မာအာဏာပိုင်များ၏ ကန့်ကွက်မှုကြောင့် ထိုင်းက အစည်းအဝေးကို ခွင့်မပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ဇွန်လ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့မှာ ခေါင်းဆောင်များ ပါဝင်တက်ရောက်ရန် သဘောတူထားခဲ့သည်။

ဤအစည်းအဝေးတွင် အဓိက ဆွေးနွေးမည့် အချက်များတွင် ကရင့်အမျိုးသား အစည်းအရုံး (KNU) က တင်ပြထားသည့် PPST ကို ဖျက်သိမ်း၍ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်း အစည်းဝေး PPCM စုဖွဲ့မှုသို့ ပြောင်းလဲ ပြင်ဆင်မည့် ကိစ္စအပေါ် သဘောထားရယူရန်လည်း ပါရှိသည်။

NCA အပစ်ရပ် အဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။