မွန်ပြည်နယ်တွင် ဝန်ကြီးဌာနတစ်ခု ပြန်လည် တိုးချဲ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်။
မွန်ပြည်နယ်အစိုးရအဖွဲ့တွင်လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တစ်ခုတိုးချဲ့ ဖွဲ့ စည်းရန်မွန်ပြည်နယ်လွှတ်တော် ကအတည်ပြုလိုက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသည်အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေး အတွက်ရည်ရွယ်တိုးချဲ့ ဖွဲ့စည်းသည် ဟုသိရှိထားကြောင်းမော်လမြိုင်မြို့ နယ်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးမင်းထင်အောင်ဟန် ကပြောသည်။
မူလက ရှိနေသော မွန်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိစီမံကိန်း၊ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာနနှစ်ခု ပြန်လည်ခွဲလိုက်ခြင်းဖြစ်သည်။
အဆိုပါဝန်ကြီးဌာနတစ်ခုတိုးချဲ့ ဖွဲ့စည်းခြင်းကိုဇူလိုင်လ၂ရက်နေ့ကကျင်းပခဲ့သည့်မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၉) တွင်အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးတွင်နိုင်ငံတော်သမ္မတမှလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတစ်ခုတိုးချဲ့ ဖွဲ့စည်း လိုကြောင်းသဝဏ်လွှာပေးပို့လာခြင်းအပေါ်ပြည်နယ်လွှတ်တော်တွင်သဘောတူညီချက်ရယူပြီးဝန်ကြီးဌာနကိုတိုးချဲ့ ရန်အတည်ပြုခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်၏အတည်ပြုချက်ကိုနိုင်ငံတော်သမ္မတရုံးသို့ပြန်လည်ပေးပို့သွားရမည်ဖြစ်ပြီးနိုင်ငံတော်သမ္မတမှအတည်ပြုပြီးမှသာဝန်ကြီးဌာနအသစ်ကိုတိုးချဲ့ ဖွဲ့စည်းရမည် ဖြစ်သည်ဟု မွန်ပြည်နယ် လွှတ်တော်မှ တာဝန်ရှိ သူများက ပြောသည်။
အဆိုပါဝန်ကြီးဌာနအတွက်ခန့်အပ်မည့်ဝန်ကြီးကိုလည်းနိုင်ငံတော်သမ္မတမှတဆင့်ဝန်ကြီးချုပ်ကအမည် စာရင်းတင်သွင်းလာမှသာလျှင်အတည်ပြုရန်လွှတ်တော်ကဆောင်ရွက်ရမည်ဟုမွန်ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌ ကပြောသည်။
“သမ္မတနဲ့ဝန်ကြီးချုပ်ကခန့်မယ့်ဝန်ကြီးအတွက်ကိုသူတို့ကတိုင်ပင်ညှိနှိုင်းပြီးမှသမ္မတကနေ တဆင့်ဝန်ကြီးချုပ်ကအမည်စာရင်းတင်သွင်းရမယ်၊ကျနော် ထင်တယ်ဒီတလောထဲမှာတော့ရောက်နိုင်တယ်၊အတည်ပြုဖို့ ကအစည်းအဝေးပြန်ခေါ်ရမှာပေါ့”ဟုပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး ကပြောသည်။
ထို့အပြင်နိုင်ငံတော်သမ္မတ မှမွန်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိစီမံကိန်း၊ဘဏ္ဍာရေး၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ်ပြင်ဆင်ဖွဲ့ စည်းလိုကြောင်းသဝဏ်လွှာ ပေးပို့လာသည်ကိုလည်းပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့်ပြင်ဆင်ဖွဲ့စည်းရန်လွှတ်တော်ကအတည်ပြုခဲ့ ကြသည်။
“မွန်ပြည်နယ်မှာစီမံ၊ဘဏ္ဍာဝန်ကြီးဖြစ်တဲ့ကျနော်ကနေပြီးတော့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန် ကြီးဌာနကိုတွဲကိုင်ထားပေးရတယ်၊ဝန်ကြီးဌာနအသစ်ဖွဲ့မယ်ဆိုတော့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနကိုပထမဦးဆုံးခွဲထုတ်ရမှာဆိုတော့ စီမံ၊ဘဏ္ဍာပဲကျန်ခဲ့မယ်ပြီးတော့လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနကိုသီးသန့်ဌာန အသစ်တစ်ခု အနေနဲ့တိုးချဲ့ ဖွဲ့လိုက်တာပေါ့” ဟုမွန်ပြည် နယ် အစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝဏ္ဏကျော် ကပြောသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ကိုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊လူမှုရေးဝန်ကြီးဌာန၊စိုက်ပျိုးရေးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊လျှပ် စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ဗမာတိုင်းရင်းသားဝန်ကြီးဌာန၊ကရင်တိုင်းရင်းသားဝန်ကြီးဌာန၊ဗအိုဝ်းတိုင်းရင်းသားဝန်ကြီးဌာနစသည့်ဝန်ကြီးဌာန၁၀ခုဖြင့်ဖွဲ့စည်းထားပြီးယခုလူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခုပါတိုးချဲ့ ဖွဲ့စည်းမည်ဆိုပါကဝန်ကြီးဌာန၁၁ခုဖြင့်ဖွဲ့စည်းထားသည့်အစိုးရအဖွဲ့ဖြစ်သွားမည် ဖြစ်သည်။
လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးများ ကိုလည်း ခန့်အပ်ထားပြီး ဖြစ်သည် ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။