တပ်မတော်က ထိန်းသိမ်းထားသူ တစ်ဦး ဒဏ်ရာများဖြင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉  ခုနှစ် ဇူလိုင် ၂ ရက်။

ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် ပတ်သက်မှု ရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးခံထားရသည့် ဒေသခံ အမျိုးသားတစ်ဦး စစ်ဆေးမှု ဒဏ်ချက်များကြောင့် သေဆုံးခဲ့သည် ဟု မိသားစုဝင်များ က ပြောသည်။

သေဆုံးသွားသူ ကိုဇော်ဝင်းလှိုင်မှာ တပ်မတော်၏ ဖမ်းဆီးစစ်ဆေးမှုကို ခံနေရစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် ညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများဖြင့် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသခဲ့ရကြောင်း၊ ဆေးကုသမှု ခံယူနေရင်းဖြင့် ဇူလိုင်လ ၁ ရက်နေ့က သေဆုံးသွားခဲ့ခြင်းဖြစ် သည်ဟု မိသားစုဝင်များက ပြောသည်။

မိသားစုဝင်တစ်ဦးက“ဆေးရုံမှာ သွေးလည်း အကြိမ်ကြိမ်အန်တယ်။ ဘာမှလည်း မစားနိုင်တော့ဘူး။ စကား လည်း ကောင်းကောင်းမပြောနိုင်တော့ဘူး။ ဒဏ်ရာတွေကလည်း အများကြီးပဲ။ စစ်တပ်က ရိုက်တဲ့ ဒဏ်ရာတွေ ပါ။” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။  “စစ်တပ်က ပြောသလိုမျိုး သူက AA နဲ့လည်း ဆက်စပ်မှု လုံးဝမရှိပါဘူး။ ရိုးရိုးသားသား လုပ်ကိုင်စား သောက်နေတာပါ။ ပန်းရံအလုပ်လည်း လုပ်တယ်။ ရရာအလုပ် ကျပန်းပေါ့ အဲ့လိုမျိုး လုပ်ကိုင် စားသောက်နေ တာပါ”ဟု ဆက်ပြောသည်။

သေဆုံးသူ ကိုဇော်ဝင်းလှိုင် အသက်(၂၈) နှစ် ၏ ရုပ်အလောင်းအား စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ဇူလိုင်လ (၂) ရက်နေ့ (ယနေ့) နံနက်ပိုင်း သယ်ဆောင်သွားပြီဖြစ်သည် ဟု ဆက်ပြောသည်။

“စစ်တွေရင်ခွဲရုံကနေ မြောက်ဦးကို ဒီနေ့ပဲ သယ်ခဲ့တာပါ။ မနက်ဖြန် မြောက်ဦးမှာပဲ သဂြိုလ်မှာပါ” ဟု ဆက် ပြောသည်။

ဇွန်လ ၂၀ ရက်နေ့က သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ပေါက်တောပြင်ကျေးရွာသို့ အပြန် လမ်းတွင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ယခုသေဆုံးမှုနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၎င်းအနေဖြင့် ဘာမှမသိရသေးဘူး ဟု သတင်းမီဒီယာများတွင် ဖြေကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အရပ်သားပြည်သူများအား  AA နှင့် ဆက်နွယ် ပတ်သက်မှု ရှိသည်ဆို သည့် သံသယဖြင့် တပ်မတော်၏ ဖမ်းဆီးနှိပ်စက်ခံနေရမှုများ၊ စစ်ကြောရေးတွေ သေဆုံးသွားရခြင်းများသည် တရားမျှတမှု မရှိကြောင်း၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းကို အမြန်ဆုံးရပ် တန့်ဖို့လိုသည် ဟု ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ က ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “ဒါက မတော်မတရားကိစ္စ ပဲ၊ ဒါက အနိုင်ကျင့်တာပဲလေ။ ဒါက တစ်ယောက်လည်းမဟုတ်ဘူး၊ နှစ်ယောက်လည်း မဟုတ်ဘူး။ ဒါမျိုးကိစ္စ တော်တော်များနေပြီ။ ဒါက ဥပဒေကြောင်းအရလည်း မခိုင်လုံဘူး။ နောက်ပြီး လူကို လူလို တန်ဖိုးမထားပေးဘူး။ ကျူးလွန်ချင်သလို ကျူးလွန်နေတဲ့ကိစ္စပဲလေ” ဟု ပြောသည်။

“ပြောချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလို ဆိုးဆိုးရွားရွားလုပ်နေတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတွေကို လိုက်နာ ဖော်ဆောင်နေတဲ့ NLD အစိုးရက ဘာမှ တစ်ခွန်းမှ မဟတာကိုတော့ အရမ်းကို အံ့သြတယ်ပေါ့နော်။”

ကိုဇော်ဝင်းလှိုင်အပါအဝင် အရပ်သား (၈) ဦးကို ဇွန်လ ၂၀ ရက်နေ့က တပ်မတော်က ဝေသာလီကျေးရွာ အနီး တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ဖမ်းဆီးခံရသူများထဲမှ ကိုနေမျိုးထွန်း (အသက် ၂၀ ) အရွယ်ရှိသူ တစ်ဦးလည်း ဇွန်လ ၂၄ ရက်နေ့က သေဆုံးသွားခဲ့ပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်က ကျန်းမာရေးချို့ ယွင်းမှုကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးကုသမှု ခံယူနေစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က မီဒီယာအချို့တွင် ဖြေ ကြားထားသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ နေရာ အချို့တို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး သံသယဖြင့် ဖမ်းဆီးခံရသူများ ပိုမိုများပြားလာကာ တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်အရေအတွက်လည်း တစ်နေ့ထက် တစ်နေ့ ပိုများ တိုးလာသည် ဟု ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်းများက ပြောသည်။