လွှတ်တော်ကိုယ်စားလှယ်ကို ဝေဖန်သူ ထောင် ၂ နှစ်ကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်။
မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လူမှုကွန်ရက် (Facebook) တွင် ဝေဖန်ခဲ့သူ ဦးအောင်ဆန်းဦးအား မြို့နယ်တရားရုံး တစ်ခုက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။
ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူးအားလူမှုကွက်ရက်စာမျက်နှာပေါ်တွင်ဝေဖန်ခဲ့သည့်ဦးအောင်ဆန်း ဦးကိုပေါင်မြို့မရဲစခန်းတွင်(ပ)၂၅၂/၂၀၁၇၊ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) ဖြင့်တရားစွဲခံရပြီး၂၀၁၉ခုနှစ်ဇူလိုင်လ၁ရက်နေ့ကပေါင်မြို့ နယ်တရားရုံးကပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
“ပြည်သူရွေးကောက်တင်မြှောက်ခဲ့တဲ့ကိုယ်စားလှယ်တစ်ယောက်ကပြည်သူအပေါ်အနိုင်ကျင့်တယ်၊ဥပဒေ ကလည်းပြည်သူကိုကာကွယ်ရမယ့်အစားလိုသလိုအသုံးချပြီးပြည်သူကိုအနိုင်ကျင့်တယ်လို့ပြောချင်တယ်”ဟုထောင်ဒဏ်ချမှတ်ခံရသူဦးအောင်ဆန်းဦး ကပြောသည်။
အဆိုပါအမှုအတွက်အယူခံအဆင့်ဆင့်တက်ပြီးတရားမျှတမှုရရှိအောင်ဆက်လက်ဆောင်ရွက်သွားမည် ဟု ဦးအောင်ဆန်းဦး ကပြောသည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခံရမှုများထဲတွင် ယခုအမှုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြစ်ဒဏ်စီရင်ချက် အမြင့်ဆုံးဖြစ်သည်ဟု အသံ-Athan (လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့ ) က ပြောသည်။
“ဒီပြစ်ဒဏ်က အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်နေတာကို တွေ့ ရတယ်။ အရင့်အရင် အမှုတွေမှာ ထောင်ဒဏ် ၆ လ၊ ၃ လ အမြင့်ဆုံး ပြစ်ဒဏ် ၉ လ အထိ ချခဲ့ထားတာတွေရှိတယ်။ ၂ နှစ်အထိချတာတော့ မတွေ့ရသေးဘူး။ အမြင့်ဆုံး ပြစ်ဒဏ်ချလိုက်တာဟာ အမှန်ကျတော့ သူ့ရဲ့ လုပ်ရပ် သူ့ရဲ့ အရေးကြီးပါသော်လည်းပဲ သူဟာ အစိုးရရဲ့ တာဝန်ရှိသူကို ဝေဖန်ပြောဆိုတာ ဖြစ်တဲ့အတွက် သူ့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တရားစွဲတာတွေ လုံးဝလုပ်ပိုင်ခွင့်မရှိပါဘူး”အသံ-Athan မှ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က ပြောသည်။
အရပ်သားပြည်သူအနေဖြင့် အစိုးရ၊ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များအား ထောက်ပြဝေဖန် ပြောဆိုခြင်းအပေါ် ယခုကဲ့သို့ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းများသည် ပြည်သူများ၏ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည် ဟု အသံ-Athan က ပြောသည်။
“ဆိုတော့ လုပ်ပိုင်ခွင့်မရှိပဲနဲ့ ဒီလိုမျိုးရေးသားပြောဆိုဝေဖန်မှုတွေကို အစိုးရတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေ၊ တာဝန်ရှိသူတွေကို ဝေဖန်တဲ့အပေါ် ဒီလိုတရားစွဲဆိုနေတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်နေတာ ဖြစ်တယ်။”
ယခု ပြစ်ဒဏ်ချမှတ်လိုက်သည့် အမှုအပါအဝင် ၂၀၁၃ ခုနှစ်က စတင် ပြဌာန်းလိုက်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း ၂၀၀ ပြည့်ပြီ ဟု အသံ-Athan အဖွဲ့ က ပြောသည်။
၂၀၁၇ခုနှစ်ဇွန်လ၂၈ရက်နေ့ကမုတ္တမမြို့ ကော့စိုင်ရပ်ကွက်နေဦးအောင်ဆန်းဦးသည်Lar Htar Kay အမည်ဖြင့် facebook account မှ “အဆင့်အတန်းမရှိတဲ့ အရက်သမား၊အရူးဘုံမြေှာက်”ဟု ဆိုကာရေးသား ခဲ့သည့် အပေါ် လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူးကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရေးသားခြင်းသည် မိမိအား ဂုဏ်သိက္ခာကျဆင်းအောင်၊အသရေပျက်အောင်တိုက်ခိုက်ရေးသားခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့အတွက်တရားစွဲဆိုခဲ့ခြင်းဖြစ်သည် ဟုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး ကပြောသည်။
ဦးဇော်ဇော်ထူးက“အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီးကျနော့် အနေနဲ့ထွေထူးပြောစရာမရှိပါဘူး” ဟုပြော သည်။
၂၀၁၈ခုနှစ်စက်တင်ဘာလတုန်းကလည်းမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံအားလူမှုကွန်ရက် စာမျက်နှာ(Facebook) ပေါ်တွင်ဝေဖန်ခဲ့သူဦးအောင်ကိုကိုလွင်ဆိုသူကိုလည်းသထုံမြို့ နယ်တရားရုံးကအလုပ်နှင့်ထောင်ဒဏ်၁နှစ်ချမှတ်ခဲ့သည်။
အသံ-Athan (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့ ) ၏ အစီရင်ခံစာ အရ ၂၀၁၃ ခုနှစ်က စတင် ပြဌာန်းလိုက်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း (၂၀၀) ပြည့်ပြီဖြစ်ပြီး၊ အဆိုပါ အမှုပေါင်း (၂၀၀) ထဲမှ (၁၁) မှုသည် ယခင်အစိုးရလက်ထက်က ဖြစ်ကာ၊ ကျန်အမှုများသည် လက်ရှိ NLD အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရသည့် အမှုပေါင်း (၂၀၀) ရှိပြီး၊ တရားစွဲဆိုခံရသူ (၂၆၄) ဦးရှိ ကြောင်း အသံ-Athan (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့ ) ၏ ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်သည့် အထူးလေ့လာသုံးသပ်ချက် အစီရင်ခံစာ အရ သိရသည်။