အထူးဒေသ(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆက်လက်တောင်းဆိုမည်
သတင်းနှင့် မီဒီယာ ကွန်ယက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိအောင် ကြိုးစားသွားမည်ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ PSC/NDAA မိုင်းလားအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မိုင်းလားအဖွဲ့၏ နှစ် (၃၀) ပြည့် ငြိမ်ချမ်းရေး တည်ဆောက်ခြင်း အခမ်းအနားအတွင်း မိန့်ခွန်းပြောကြားရာတွင် PSC/ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်းက ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“နိုင်ငံတော်နယ်စွန်နယ်ဖျားမှာ တည်ရှိနေတဲ့ ရှမ်းပြည်အရှေ့ အထူးဒေသ (၄) ကို တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးသာယာဝပြောတဲ့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိတဲ့ ဒေသအဖြစ် တည်ဆောက်သွားမှာဖြစ်ပြီး လူထုကျေနပ်တဲ့ နိုင်ငံတော်အစိုးရ အသိအမှတ်ပြုတဲ့ နိုင်ငံတကာလေးစားတဲ့ ဒေသဖြစ်ပေါ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်။”
၁၉၈၉ ခုနှစ်တွင် PSC/NDAA မိုင်းလားအဖွဲ့နှင့် အစိုးရတို့ အပစ်ရပ်စဲပြီးနောက် မိုင်းလား၊ ဆီလူး၊ နမ့်ပန်း စ သည့် ဒေသ ၃ ခုကို စုပေါင်းကာ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အဖြစ် အစိုးရက သတ်မှတ်ပေး ခဲ့ပြီး ၎င်းဒေသ ၃ ခုကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရရှိအောင် ကြိုးစားသွားမည်ဟု PSC/NDAA မိုင်းလားအဖွဲ့ က ပြောသည်။
တိုင်းရင်းသားအရေး စောင့်ကြည့်လေ့လာသူ ဦးမောင်မောင်စိုးက “သူတို့ကတော့ လောလောဆယ်မှာတော့ ဒီ မိုင်းလားဒေသအတွင်းမှာရှိတဲ့ ရှမ်း၊ အာခါ၊ လွယ်၊ ကိုးကန့် စသဖြင့်ပေါ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသတစ်ရပ်အဖြစ် လိုချင်ပါတယ်။ အဲတော့ ဒီနယ်မြေသတ်မှတ်ရေးနှင့် ပတ်သက်ပြီးတော့ အစိုးရက ဘယ်လိုစဉ်းစားမလဲ ရှမ်းပြည်နယ်အနေနဲ့က ဘယ်လိုစဉ်းစားမလဲကတော့ အရေးကြီးတဲ့ ကိစ္စလို့ထင်ပါတယ်။ ”
PSC/NDAA မိုင်းလား အဖွဲ့အနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးရန် လွန်ခဲ့သည့် ၁၉၉၃ ခုနှစ်က ပြုလုပ်ခဲ့သော အမျိုးသား ညီလာခံ စတင်ချိန်ကတည်းက တောင်း ဆိုထားပြီး ယခုတွင်လည်း အဆိုပါ တောင်းဆိုချက်မူကို ဆက်လက်ဆွဲကိုင် ထားဆဲဖြစ်သည်ဟု PSC/NDAA မိုင်းလားအဖွဲ့ က ပြောသည်။
“ကျနော်တို့ ဒီမိုင်းလားကို အထူးဒေသ (၄) လို့မခေါ်ရင်တောင်မှ ဒီအခေါ်အဝေါ် အသုံးအနှုန်းကို မသုံးရင် တောင်မှ ကျနော်တို့ကို တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ်နဲ့ သတ်မှတ်ပေးပါ ဆိုပြီးတော့ ကျနော်တို့ ၉၃ ကနေစပြီးတော့ ဒီကနေ့အထိ ကျနော်တို့ရဲ့ တောင်းဆိုချက်က ဒါပဲ” ဟု PSC/NDAA ပြောရေးဆိုခွင့်ရှိသူ ဦးခမ်းမောင် က ပြောသည်။
၎င်းတို့အနေဖြင့် ပြည်ထောင်စုက ခွဲထွက်သွားခြင်းမျိုး၊ သီးသန့် ပြည်နယ်သတ်မှတ်ပေးခြင်းမျိုး တောင်းဆိုနေခြင်း မဟုတ်ဘူးဟုလည်း ဆက်ပြောသည်။
“နိုင်ငံရေး ရည်မှန်းချက်က ကျနော်တို့က ပြည်ထောင်စုကနေခွဲထွက်ဖို့ ပြည်နယ်တောင်းဖို့ ဒါတွေက ကျနော်တို့မှာ မရှိဘူး။ ကျနော်တို့ တောင်းဆိုချက် နိုင်ငံရေး ရည်မှန်းချက်ကတော့ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်စပ်ဒေသပေါ့ဗျာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးပါ။ ကျနော်တို့ တောင်းဆိုခဲ့တာ အဲဒါဖြစ်တယ်။”
ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် စစ်ကိုင်းတိုင်းထဲတွင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် သတ်မှတ်ထားသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား အဖွဲ့သည် မြန်မာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် စစ်အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့သည်။
အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးနောက် အစိုးရနှင့် ထိတွေ့တိုက်ခိုက်မှု တစ်ကြိမ်တစ်ခါမှ ဖြစ်ပွားခြင်းမရှိပဲ အပစ်ရပ်စဲနိုင်ခဲ့သည်မှာ နှစ် ၃၀ တိုင်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၏ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားသို့ NCA စာချုပ် လက်မှတ်ရေထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ပါတီခေါင်းဆောင်များ၊ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ တရုတ်အထူးကိုယ်စားလှယ်တော်နှင့် သတင်းမီဒီယာများ အပြင် အခြားဖိတ် ကြားထားသူနှင့် ဒေသခံ စုစုပေါင်း သောင်းနှင့်ချီ တက်ရောက်ခဲ့ကြသည်။