မွန်ပြည်နယ်တွင် “မျိုးချစ်များ” စုပေါင်း၍ အစိုးရကို ဆန့်ကျင် ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၅ ရက်။

မွန်ပြည်နယ် မော်လမြိုင်တွင် “မျိုးချစ်များ” စုပေါင်း၍ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

တိုင်းပြည်နှင့် အမျိုးဘာသာ သာသနာကို ဘက်စုံဖိနှိပ်ချုပ်ချယ် ဖျက်ဆီး၊ စော်ကားခံနေရသည်ဆိုကာ ရဟန်းသံဃာတော်အချို့ နှင့် “အမျိုးဘာသာသာသနာ ချစ်မြတ်နိုးသူများ”က ဇူလိုင်လ ၅ ရက်နေ့ (ယနေ့) နေ့လည်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ ကြခြင်းဖြစ်သည်။

Mon 4

ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးအောင်လှဌေးက “ဒီပွဲကို အဓိက ကျနော်တို့ရဲ့ အမျိုး ဘာသာသာသနာအတွက် ဘာသာ သာသနာအပေါ် လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်ပျက်အတွက်ကို ရည်ရွယ်ပြီးတော့ ဆန္ဒဖော်ထုတ်တာပါ” ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ဝေဖန်ပုတ်ခတ်မှုကြောင့် ဆရာတော် ဝီရသူအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နောက်ပိုင်းတွင် “မျိုးချစ်များ” ဟု အမည်တပ်ထားသူများက အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ယခုအခါ မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Mon 1

တိုင်းပြည်နှင့် အမျိုးဘာသာသနာ မည်ကဲ့သို့ ဘက်စုံဖိနှိပ်ချုပ်ချယ် ဖျက်ဆီးစော်ကား ခံနေရသလဲဆိုသည့် မေးမြန်းမှုအပေါ် ဆန္ဒထုတ်ဖော်မှုကို ခေါင်းဆောင်များက တစ်စုံတစ်ရာ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို ရဟန်းသံဃာတော် အပါး ၆၀ ခန့် နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့မှ “အမျိုး ဘာသာသာသနာ ချစ်မြတ်နိုးသူ” စုစုပေါင်းအင်အား ၂၅၀၀ ခန့်တို့က ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူများက ပြောသည်။

Mon 3

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် သံဃာတော်တစ်ပါးဖြစ်သည့် အရှင်ဒါယဇ္ဇဓမ္မကလည်း “ဦးဇင်းတို့က ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ဦးဇင်းတို့က ဒီလိုမျိုး လူပုဂ္ဂိုလ်တွေနဲ့ အမျိုးဘာသာ သာသနာတွေ ချစ်မြတ်နိုးတဲ့လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

Mon 2

ဆန္ဒထုတ်ဖော်သူများသည် အမျိုးဘာသာ သာသနာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အမျိုးဘာသာ သာသနာ ဖျက်ဆီးသည့်အစိုးရ အလိုမရှိ၊ အမျိုးဘာသာ သာသနာကို နှောင့်ယှက်ဖျက်ဆီးသူ ဒို့ရန်သူ၊ အမျိုးသားရေး ဖိနှိပ်မှု မှန်သမျှ ဆန့်ကျင်ကြ အစရှိသည့် ကြွေးကြော်သံများဖြင့် မော်လမြိုင် ရေပေါ်ကမ်းနားဈေးမှ သံလွင်ဥယျာဉ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။