အစိုးရ အဆိုပြု အပစ်ရပ် စာချုပ်မူကြမ်းအား KIO ဆွေးနွေးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။
အစိုးရဖက်မှ အဆိုပြုထားသည့် Bilateral အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က အဖွဲ့အစည်းအတွင်းတွင် စတင်ဆွေးနွေးနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ကျနော်ကြားတာ ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ နည်းနည်း နည်းနည်းပေါ့နော်။ အကြေအလည်ဆွေးနွေးပြီးမှပဲ အဖြေထွက်လာမယ်ထင်တယ်။ ဆွေးနွေးနေတုန်းပဲ ကေအိုင်အို ဗဟိုကော်မတီတွေလည်း ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ ဘာမှအဖြေတွေ မထွက်သေးဘူးပေါ့။”
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ပြီးခဲ့သည့် PSC/ NDAA မိုင်းလား နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ပေးအပ်ခဲ့သည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က KIO/KIA အပြင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များသည့် ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကိုလည်း အပစ်ရပ် စာချုပ်မူကြမ်း တစ်ဖွဲ့လျှင် တစ်စောင်ဆီ ပေးအပ်ခဲ့သည်။
“တစ်ဖွဲ့နဲ့ တစ်ဖွဲ့က သူ့အခြေအနေ မတူတာတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နဂိုကလည်း သူတို့လက်နက်ကိုင်ဖက်က တင်ပြထားတာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့က မတူပါဘူး။ အစိုးရဖက်ကလည်း အဲဒါ မတူတဲ့ အချက်ပေါ်မှာပဲ သူတို့လည်း ပြန်ရေးတဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီအခါကျတော့ ပြေလည်တဲ့အဖွဲ့ ရှိသလို မပြေတဲ့ အဖွဲ့ရှိတယ်။ ဒါပေမယ့် ပြေလည်အောင်တော့ စောင့်ကြမှာပေါ့” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွ့ဲ PCG မှ ဦးဆမ်အောင်က ပြောသည်။
Bilateral အပစ်ရပ်စာချုပ် မူကြမ်းလက်မှတ်ရေထိုးနိုင်ရေး ဆွေးနွေးရာတွင် အစိုးရနှင့် KIO တို့အကြားတွင် သဘောထား ကွဲလွဲမှုများ ရှိနေသည်ဟု ဆိုသည်။ သို့ရာတွင် အပစ်ရပ် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်သည့်အထိ ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည်ဟု KIO/KIA က ပြောသည်။
“KIO ကတော့ စစ်ဖက်ဆိုင်ရာ တပ်ပိုင်းဆိုင်ရာတွေကတော့ နောက်ကျနော်တို့ Bilateral ထိုးပြီးနောက်ပိုင်း ဆွေးနွေးလို့ ပိုအဆင်ပြေမယ်လို့ KIO ကတော့ အဲလိုသဘောထားရှိပါတာပေါ့။ ပထမအနေနဲ့ကတော့ ဘာပဲ ဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးဖို့ တရားဝင် ပစ်ခတ်ရပ်စဲရေး လက်မှတ်ကတော့ အရင်ထိုးရင်တော့ ပိုပြီးမှ ပြည်သူ လူထုအတွက်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ KIO က သဘောထားရှိတာပေါ့။ ဒါပေမယ့် တပ်မတော်နဲ့ အစိုးရဖက်ကတော့ ဒီလက်နက်ကိစ္စတွေ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ အရင်ဆွေးနွေးချင်တဲ့ သဘောရှိတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရာ မြောက်ပိုင်း စစ်ရေးမဟာ မိတ် ၄ ဖွဲ့မှ ၎င်းတို့ ပြင်ဆင်လာသည့် အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအား NRPC ထံသို့ပေးအပ် ခဲ့ကြသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့၏ အပစ်ရပ်မူကြမ်းကို NRPC ဖက်မှ လက်ခံခဲ့သည့်အတွက် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပါက Bilateral အပစ်ရပ်စဲရေး စာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်အောင် ဆွေးနွေးသွားမည်ဟု မြောက်ပိုင်း မဟာမိတ်ခေါင်းဆောင်များက ပြောဆိုထားသည်။
သို့ရာတွင် ပြီးခဲ့သည့် မေလအတွင်းက တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်သဘောတူထားသော်လည်း တွေ့ဆုံဆွေးနွေးမည့် နေရာသတ်မှတ်ရာတွင် သဘောတူညီမှု မရရှိခဲ့သည့်အတွက် နွေးဆွေးပွဲမှာ မစတင်နိုင်သေးပေ။