၂၀၁၉ ကို မဲဆန္ဒရှင် စာရင်းနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မှန်ကန်တိကျသည့် မဲဆန္ဒရှင် စာရင်းများရရှိရန်အတွက် အထူးအလေးထားဆောင်ရွက်လျှက်ရှိသည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည် က ပြောသည်။

“၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းနှစ် အဖြစ်သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနဲ့ မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိတယ်” ဟု ဦးစောဒယ်နီရယ်ကြည် က ပြောသည်။

မွန်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သည့်အဖွဲ့များ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၈ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်းများ ရရှိရေး အတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ မှန်ကန်ပြည့်စုံစွာ ရရှိရေးသည်လည်း လွန်စွာအရေးကြီးသည်ဟု ၎င်းက ပြောသည်။

မှန်ကန်တိကျသည့် မဲဆန္ဒရှင်စာရင်းရရှိရေးအတွက် လူဦးရေစာရင်း ကောက်ယူသည့်အဖွဲ့များ လာရောက်ချိန် တွင် အချက်အလက်များ မှန်ကန်စေရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှုလည်း လိုအပ်သည်ဟု ဦးစောဒယ်နီရယ်ကြည်က ဆက်ပြောသည်။

ထို့အပြင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အနေဖြင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုသည်ဟု တိုက်တွန်းပြောဆိုခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ယခုကဲ့သို့ ဆွေးနွေးမှုများ ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့သော်လည်း အမှားအယွင်းများရှိခဲ့သည့်အတွက် ထပ်မံတွေ့ဆုံမှုများ လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံဆွေးနွေးသည့်အတွက် ပါတီများဘက်မှ တင်ပြစရာရှိသည်များကို တင်ပြခွင့်ရပြီး လာမည့်ရွေးကောက်ပွဲအတွက်လည်း အထောက်အကူဖြစ်လိမ့်မည်ဟု မွန်ညီညွတ်ရေးပါတီ က ပြောသည်။

ထို့အပြင် နိုင်ငံရေးပါတီများအနေဖြင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုက်ရိုက်တွေ့ဆုံမှု ရမည်ဆိုပါက သာ၍ထိရောက်မှုနိုင်သည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

“အမှန်မှာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုက်ရိုက်တွေ့သင့်တယ်။ ကျနော်တို့ ဆွေးနွေးချင်တာပေါ့နော်။ အခုက ဒီမှာဆင်းလာပြီးတွေ့ဆုံဆွေးနွေးကြ အချက်အလက်တွေပဲစုသွားတယ်၊ သူတို့ ဆုံးဖြတ်ပိုင် ခွင့်မရှိဘူး။ ကျနော်တို့က ဗဟိုကိုပဲ သွားပြီးတော့ ဆွေးနွေးရမယ့် သဘောဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ တောင်းဆိုတာက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီတွေကို ခေါ်ပြီးတော့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသင့်တယ်” ဟု နိုင်စံတင်က ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူတို့မှ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က ဖြစ်ပွားခဲ့သည့် မဲဆန္ဒရှင်စာရင်းများ မှားယွင်းခြင်း၊ မဲပေးခွင့်ရှိသူများ မပါဝင်ခြင်း၊ အချို့မှာ မဲလာရောက်မပေးနိုင်သော်လည်း မဲပေးသည့်စာရင်းတွင်ပါဝင်နေခြင်း အစရှိသည့် ကိစ္စရပ်များကဲ့သို့ ယခုလာမည့် ရွေးကောက်ပွဲတွင် ထပ်မံဖြစ်ပွားမှုမရှိရန် လိုအပ်ကြောင်းနှင့် ပြည်ပရောက်မဲဆန္ဒရှင်များ၊ ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်မရှိသည့် တိုင်းရင်းသားများ၊ မသန်စွမ်းများ မဲထည့်နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြည်ပရောက် နိုင်ငံသားများ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူ ၁၂ သိန်းကျော် ရှိခဲ့သည်ဟု သိရသည်။