ရှမ်းတောင် ပြည်သူများ ကျောက်မီးသွေးစီမံကိန်းကို ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် (၁၀) ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ဆက်လက်တူးဖော်မည့် ကျောက်မီးသွေးစီမံကိန်းနှင့် ပတ်သက်၍ ရပ်တန့်ပေးရန် ဒေသခံ သုံးထောင်ကျော်တို့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းကြောင့် မြေယာပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေသည့်အပြင် သဘာဝကိုမှီခိုပြီး လုပ်ကိုစားသောက်နေကြသည့် ဒေသခံများ၏ စိုက်ပျိုးရေး လုပ်ငန်းများကိုပါ ထိခိုက်စေသည့်အတွက် တောင်းဆိုရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ခဲ့သည့် မိုင်းကိုင်ဒေသခံ စိုင်းလုံက ပြောသည်။

“တူးဖော်တဲ့နေရာမှာဆိုရင် ကျနော်တို့ရဲ့ ရေထွက်ရေဝင်ရေလဲကိုလည်း ထိခိုက်စေတယ်၊ ရေခမ်းခြောက်စေတယ်၊ ကျနော်တို့ရဲ့ လယ်ယာမြေစိုက်ပျိုးရေးမှာလည်း ထိခိုက်စေတယ်။ ကျနော်တို့ လယ်ယာမြေဧကတွေက မနည်းဘူး။ အဲ့လယ်ယာမြေတွေနဲ့ စိုက်ပျိုးရေး အားကိုးအားထားပြီးတော့ လုပ်ကိုင်နေရတာပါ။ နောက်ပြီး မြို့နဲ့ နှစ်မိုင်ကွာ သုံးမိုင်လောက်ပဲ ဝေးတဲ့နေရာမှာလုပ်တယ်။ အဲ့တော့ ဒေသခံရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်” ဟု စိုင်းလုံ က ပြောသည်။

ထို့အပြင် “ဒေသအတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲတွေနဲ့လည်း ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ကုမ္ဗဏီတွေက လက်နက်ကိုင်အဖွဲ့တွေနဲ့ အကျိုးတူလုပ်တာတွေရှိနေတယ်။ ကန့်ကွက်ရင် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ တစ်ရွာနဲ့ တစ်ရွာ ခြိမ်းခြောက်ခံရတာတော့ မတူဘူးပေါ့” ဟု ဆက်ပြောသည်။

ကျောက်မီးသွေးတူးဖော်သည့် ကုမဏီများအနေဖြင့် ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့ဝင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းများလည်း ရှိသည်ဟု ပြောသည်။ မိုင်းကိုင်မြို့နယ်အတွင်း ဝမ်ပန်ပြည်သူ့စစ်အဖွဲ့ ၊ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA၊ အစိုးရတပ်များ ရှိသည်ဟု ဒေသခံများက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း ဆန်စပါးကို အဓိကစိုက်ပျိုးပြီး ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့များသာမက မြောက်ပိုင်းရှိ မြို့များအထိပါ မိုင်းကိုင်မြို့မှ ထွက်သည့် ဆန်စပါးကို အဓိကထားရသည်ဟု ဒေသခံများကပြောသည်။ ဆန်စပါးအပြင် ပြောင်း၊ ပဲ နှင့် နှစ်ရှည်သီးနှံဖြစ်သည့် လိမ္မော်ခြံစိုက်ပျိုးရေးကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

၂၀၁၇ ခုနှစ် ဧပြီလကလည်း မိုင်းကိုင်ဒေသအတွင်း ကျောက်မီးသွေးတူးဖော်နေသည့် ပြည်အောင်ဟိန်းကုမ္ပဏီနှင့် ဟိန်းမေတ္တာကုမ္ပဏီတို့အား ဒေသခံပြည်သူ ၅၀၀၀ နီးပါးခန့်က ကန့်ကွက်ဆန္ဒပြခဲ့ရာ ရှမ်းပြည်နယ် အစိုးရမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီးနောက် အဆိုပါစီမံကိန်းရပ်နားထားရခြင်းဖြစ်သည်။

ထို့သို့ နှစ်နှစ်ကျော်ရပ်နားထားရမှာ ၂၀၁၉ ခုနှစ် မေလမှစတင်၍ အခြားကုမဏီတစ်ခုမှ ထပ်မံ၍ ကျောက်မီးသွေး စမ်းသပ်တူးဖော်မှုများ ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

“ဒီကုမ္ပဏီက နိုဗယ်ဂလိုဗယ်၊ ဥက္ကဌ ဦးအိုက်ချုံပေါ့၊ ဒီကုမ္ပဏီက စလုပ်တာက ၂၀၁၉ ခုနှစ်ထဲမှာပဲ။ ၅ လပိုင်းကစပြီး စက်ပစ္စည်းတွေချတယ်၊ ၆ လပိုင်းကျတော့ လမ်းတွေရှင်းတယ်။ စပြီးတူးတယ်။ အခုက ဘယ်သူ့ကမှ ခွင့်ပြုမိန့်မရပဲ လုပ်နေတာပါ” စိုင်းလုံ က ဆက်ပြောသည်။

ကျောက်မီးသွေးတူးဖော်နေမှုကြောင့် ဒေသခံများ၏ လယ်ယာနှင့် တောင်ယာမြေများ ပျက်ဆီးလာနိုင်သည့်အပြင် ဒေသခံများ အဓိကအားထားရသည့် မိုင်းကိုင်၊ မိုးနဲ၊ နမ့်စန်၊ လဲချား၊ ကျိန်းတောင်း၊ လင်းခေးတို့ကို ဖြတ်သန်းသွားပြီး သံလွင်မြစ်ထဲကို စီးဝင်သွားသည့် တိန်းချောင်းလည်း ပျက်ဆီးသွားနိုင်သည့် အနေအထားမျိုး ရှိနေသည်ဟု ရှမ်းသဘာဝအဖွဲ့ စိုင်းခေးဆိုင် က ပြောသည်။

“အခုက မြေယာဇာတ်လမ်းပါ ပါလာတယ်။ အခုက ရွာသားတွေရဲ့ လယ်မြေတွေပါလာတယ်။ နောက်ပြီး လယ်မြေ နဲ့နီးတဲ့နေရာတွေလည်းပါတယ်။ နောက်ပြီး တောင်ယာတွေလည်းပါတယ်ဆိုတော့ အဲ့ဒီမှာ တချို့မြေတွေက အသိမ်းခံထားရတာတွေလည်း ရှိတယ်။ ဒီကိစ္စက တစ်ကြောင်း၊ နောက်တစ်ခုက ကျောက်မီးသွေးတူးတဲ့ နေရာတွေက ရွာနဲ့ မြို့နဲ့နီးတယ်။ အဲ့မှာ ဒေသခံတွေကစိုးရိမ်တယ်။ အဲ့မှာ တိန်းချောင်းက သူတို့မှီခိုနေတဲ့ချောင်းကလည်း ကျောက်မီးသွေးတွင်းနဲ့နီးတယ်ဆိုတော့ အညစ်အကြေးတွေကျသွားရင် အဲ့ချောင်းကသုံးလို့ရမရ ဘယ်လိုဖြစ်လာမလဲပေါ့နော်။”

ကျောက်မီးသွေးတူးဖော်နေမှုတွင် အိမ်နီးချင်းနိုင်ငံများကလည်း ပါဝင်ပတ်သက်မှု ရှိသည်ဟု ရှမ်းသဘာဝအဖွဲ့က စိုင်းခေးဆိုင်က “မိုင်းကိုင်ကတော့ အရင်တုန်းကတော့ ထိုင်းပါဝင်ပတ်သက်မှုရှိတယ်။ တရုတ်နဲ့ထိုင်းပေါ့။ ပြီးတော့ ဒေသတွင်းက သူဌေးတွေနဲ့ ပူးပေါင်းတာပေါ့လေ။ ဒေသတွင်းက သူဌေးတွေက နာမည်ခံပြီးတော့ ကျောက်မီးသွေးထုတ်လုပ်မှု လုပ်ငန်းစဉ်ကို လုပ်တာပေါ့။ အခုအခြေအနေကတော့ သူတို့တူးပြီး ကျောက်မီးသွေးတွေ စမ်းနေတဲ့အချိန်ပါ။ လျှောက်တူးနေတာ၊ ကျောက်မီးသွေးကြောတွေရှာနေတယ်။ တချို့ ကျောက်မီး သွေးက သက်တမ်းနုရင် သူတို့က လျှောက်ပြီးတော့ ပစ်ပုံထားတာလေ။ စည်းစနစ်လည်းမကျဘူး” ဟု ဆက် ပြောသည်။

မြန်မာနိုင်ငံတွင် သယံဇာတတူးဖော်မှုများ ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအတွက် တိကျထိရောက်သည့် ဥပဒေများ မူဝါဒများမရှိသေးသလို ဒေသခံပြည်သူများ၏ ပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်များ မရှိသေးသည့်ကြောင်း ထို့ကြောင့် ဒေသခံများ လက်မခံသည့် စီမံကိန်းများ၊ သယံဇာတ တူးနေဖော်မှုများကို လက်ရှိအခြေအနေမျိုးတွင် မလုပ်ဆောင်သင့်ဟု ရှမ်းသဘာဝအဖွဲ့က ပြောသည်။

“တခြားနည်းလမ်းနဲ့ ငွေရှာတာ အများကြီးရှိပါတယ်။ ကျောက်မီးသွေးမှမဟုတ်ပါဘူး။ နိုင်ငံတော်တော်များများက သူတို့မှာ ရှိတဲ့ ကျောက်မီးသွေးတွေကို မထုတ်ချင်ကြဘူး၊ ဥပမာ အမေရိကန်တို့၊ တရုတ်တို့၊ ထိုင်းတို့ သူတို့မှာ ရှိကြတာပဲ၊ ဒါပေမယ့် သူတို့က မထုတ်သုံးကြဘူးလေ။ ကျနော်တို့ မြန်မာပြည်က အနာဂတ်အတွက်လည်း မစဉ်းစားဘူး၊ အခုအတွက်လည်း မစဉ်းစားဘူး။ ငွေရဖို့ပဲ အဓိက။ဘယ်လောက်အတိုင်းအတာအထိ ရှမ်းပြည်ကို အကျိုးပြုသလဲ၊ နိုင်ငံတော်ကိုလည်း အကျိုးမပြုပါဘူး လူတစ်စုအတွက်ပဲဖြစ်နေတာ” ဟု စိုင်းခေးဆိုင် က ပြောသည်။ “ကျောက်မီးသွေးထုတ်ဖို့ တူးဖော်ဖို့ နောက်ပြီး ကျောက်မီးသွေးကို တန်ဖိုးရှိရှိနဲ့ ဘယ်လိုသုံးမလဲ ဆိုတာတွေ ပြင်ဆင်မှုမရှိဘူး။ မြန်မာပြည်က ပြင်ဆင်မှုမပြောနဲ့ အခုလတ်တလော သယံဇာတကြောင့် ပဋိပက္ခမဖြစ်ရေး အတွက် ရှင်းလင်းတဲ့ မူဝါဒတွေတောင် လက်မခံကြသေးဘူး။ လတ်တလောအချိန်မှာ ဒေသခံတွေပြောတဲ့ အတိုင်း လက်ခံရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။”

မိုင်းကိုင်ဒေသခံများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုကို ထိခိုက်နစ်နာစေသည့် ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကို မည်သည့်အဖွဲ့အစည်းကိုမှ ခွင့်မပြုနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် လုံးဝလက်ခံ မည်မဟုတ်သလို ပြင်းပြင်းထန်ထန်ဆက်လက်ကန့်ကွက်သွားမည်ဟု ဆုံးဖြတ်ထားသည်ဟု ပြောသည်။

ရှမ်းပြည်နယ်ထဲတွင်ရှိ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ သီပေါမြို့နယ် နမ့်မဒေသတို့တွင် ကျောက်မီးသွေးကို အများဆုံး တူးဖော်နေကြပြီး စီးပွားရေးလုပ်ငန်းရှင်များက အဓိက လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု ပြောသည်။