မြောက်ပိုင်းအဖွဲ့များနှင့် နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ်ချုပ်ရေး ဇူလိုင်လကုန်တွင် ဆွေးနွေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် အစိုးရတို့ ဇူလိုင်လ လကုန်ပိုင်းလောက်တွင် အပစ်ရပ် စာချုပ်မှုကြမ်း Bilateral (နှစ်ဘက်သဘောတူစာချုပ်) ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးနိုင်ကြလိမ့်မည်ဟု တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရန် ကြားဝင်ညှိနှိုင်းပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ပြောသည်။

“တွေ့ဖို့တော့ ဖြစ်လာမှာပါ။ လကုန်ပိုင်းလောက်များ ဖြစ်မလားမသိဘူး။ အဲဒီပတ်ဝန်းကျင်လောက် ဖြစ်မယ်ပေါ့။ တွေ့ဖြစ်ဖို့ အလားအလာ များပါတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးဆမ်အောင် က ပြောသည်။

သို့သော်တွေ့ဆုံမည့် နေရာနှင့် အချိန်ကို အတိအကျ မသိရသေးဟု ဦးဆမ်အောင်က ဆက်ပြောသည်။

“ဒါပေမယ့် လောလောဆယ် ရက်အတိအကျတော့ ပြောလို့ မရသေးဘူး။ ဘယ်မှာဆိုတော့ အတိအကျ မပြော ပေမယ့် ဒီတစ်ခါတော့ နှစ်ဖက်သဘောတူတဲ့ နေရာတော့ ဖြစ်မှာပါ။ ပြည်တွင်းတစ်နေရာတော့ ဖြစ်မှာပါခင်ဗျာ။”

အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် အခြေအနေနဲ့ ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က “တပ်မ တော်နှင့် NRPC ကတော့ ဒီလ ၁၅ ရက်ဝန်းကျင် လောက်ပေါ့နော်။ တွေ့ဖြစ်ရင်တော့ အဲချိန်မှာ တွေ့ဖို့တော့ အချင်းချင်းကမ်းလှမ်းကြတယ်ဆိုတာကတော့ ကြား ပါတယ်။ ဒါပေမယ့် ဘာမှအတည်တော့ မပြုရသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မူဆယ်တွင် တွေ့ဆုံစဉ်က မြောက်ပိုင်း စစ်ရေး မဟာမိတ် ၄ ဖွဲ့မှ ၎င်းတို့ ပြင်ဆင်လာသည့် အပစ်ရပ် စာချုပ် မူကြမ်းအား NRPC ထံသို့ ပေးအပ်ခဲ့သည်။

၎င်း အပစ်ရပ် စာချုပ်ကြမ်းကို NRPC ဖက်မှ လက်ခံခဲ့သည့်အတွက် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမည်ဆိုပါက အပစ်ရပ် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်အောင် ဆွေးနွေးသွားမည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က ပြောဆိုထားသည်။

သို့သော် ၎င်းတွေ့ဆုံမှု နောက်ပိုင်း တွေ့ဆုံမည့် နေရာညှိနှိုင်းရာတွင် နှစ်ဖက်သဘောတူညီမှု မရရှိသည့်အ တွက် တွေ့ဆုံဆွေးနွေးမှု မစတင်နိုင်သည်မှာ ယခုအချိန်အထိဖြစ်သည်။

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တို့ တွေ့ဆုံမှု ရပ်တန့်နေရာမှ ပြီးခဲ့သည့် PSC/ NDAA မိုင်းလား နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက မတူညီသည့် အပစ်ရပ် စာချုပ်မူကြမ်း ၄ ခုကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အား တစ်ဖွဲ့လျှင် တစ်ခုစီ ပေးအပ်ခဲ့သည်။

“နှစ်ဖက် Bilateral က အခုသိထားပြီးသား ဖြစ်နေတယ်။အဲမှာ ညှိနှိုင်းလို့ ပြီးရင်တော့ ထိုးလာနိုင်တာပေါ့နော်။ အဲမှာ ပြေလည်မှု မရှိရင်တော့ ဆက်ဆွေးနွေးရမှာပေါ့” ဟု ဦးဆမ်အောင် က ပြောသည်။

အစိုးရဖက်မှ အဆိုပြုထားသည့် Bilateral အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ကချင်လွတ်လပ်ရေး အဖွဲ့ KIO က အဖွဲ့အစည်းအတွင်းတွင် စတင်ဆွေးနွေးနေသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်ကြားတာ ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ နည်းနည်း နည်းနည်းပေါ့နော်။ အကြေ အလည်ဆွေးနွေးပြီးမှပဲ အဖြေထွက်လာမယ်ထင်တယ်။ ဆွေးနွေးနေတုန်းပဲ ကေအိုင်အို ဗဟိုကော်မတီတွေ လည်း ဆွေးနွေးနေတုန်း ဖြစ်ပါတယ်။ ဘာမှအဖြေတွေမထွက်သေးဘူးပေါ့” ဟု ပြောသည်။

အစိုးရနှင့် အပစ်ရပ် စာချုပ်မူကြမ်း Bilateral ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ဖြစ်သည်။

၎င်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။