ရခိုင်လူ့အခွင့်အရေး ချိုးဖောက်မှုအစီရင်ခံစာ ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၀ ရက်။
ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်း ဒေသခံ ပြည်သူများမှာ လူ့အခွင့်ရေး ချိုးဖောက်ခံ နေရပြီး အရပ်သားပြည်သူ (၃၃၀၀၀) ခန့်အထိ ထိခိုက်သက်ရောက်မှု ရှိနေသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ပြောသည်။
AASYC အတွင်းရေးမှူး ကိုတင်ဦးက “ကျနော်တို့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတာကို တွေ့ရတယ်။ တွေ့ပေမယ့် ကျနော်တို့အဓိက အချက်အလက်ပေးချင်တာကတော့ လူ့အခွင့်အရေးချိုးဖောက်မှု ကိန်း ဂဏာန်းအရ ဘယ်ဒေသမှာ ဘယ်လောက် ဘယ်လိုအမျိုးအစား တွေ ဖြစ်နေလဲဆိုတာကို တစ်ချက်ပေးချင်တယ်။ ပြီးရင် ဒီချိုးဖောက်မှုတွေက အမှန်တရားနဲ့ တရားမျှတမှု ပေါ်ပေါက်တာ မရှိဘူး။ အစိုးရအနေနဲ့ရော ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရော အမှန်တရားပေါ်ပေါက်ဖို့ တရားမျှတမှုရဖို့ ကြိုးပမ်းဆောင်ရွက်တာတွေ မတွေ့ရဘူးပေါ့နော်။ ဆိုတော့ အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ပေးထားတဲ့ဟာမျိုး ဖြစ်နေတာပေါ့” ဟု ပြောသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ် မေလအထိ (၆)လအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင် စစ်ပဋိပက္ခများအကြား ဒေသခံပြည်သူများ ကြုံတွေ့ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို AASYC က စာရင်းပြု စုပြီး ဇူလိုင်လ (၉) ရက်နေ့ ယမန်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း ဒေသခံများကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ တပ်မတော်က အများဆုံး ကျူးလွန်နေခြင်းဖြစ်ပြီး အစိုးရ၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ အမည်မသိအဖွဲ့အစည်းများနှင့် ARSA တို့က ကျူးလွန်နေကြောင်း လေ့လာဆန်းစစ်တွေ့ ရှိရသည်ဟု AASYC က ပြောသည်။
“အခု ဒီဇင်ဘာလကနေ မေလအထိကို ဖော်ပြလိုက်တာဖြစ်တယ်။ ဒီဇင်ဘာလမှာ တပ်မတော်က စစ်တိုင်း (၅) တိုင်းမှာ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကြေငြာတော့ ရခိုင်ပြည်ကို ချန်ထားခဲ့တယ်လေ။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ချန်ထားခဲ့တော့ ကျနော်တို့ အဲ့ဒီကာလကနေစောင့်ကြည့်တော့ မေလအထိပေါ့နော် စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှု (၁၉၅) မှု တွေ့ရတာပေါ့နော်။” ဟု AASYC အတွင်းရေးမှူး ကိုတင်ဦးက ပြောသည်။
“အဲ့မှာ တွေ့ရတာက တပ်မတော်နဲ့ အစိုးရကများတာ ပေါ့။ ULA/AA ဘက်က နှစ်မှု ကျနော်တို့ တွေ့ရတယ်။ ပြီးရင်ဘယ်အဖွဲ့က မှန်းမသိပဲနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ အရပ်သားပြည်သူတွေ မိုင်းနင်းမိတာတွေ၊ မိုင်းထိတာတို့ ပြီးရင်လက်နက်ကြီးတွေ ထိပြီးပေါက်ကွဲတာ တို့ အဲ့ဒီဟာတွေလည်း ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် တပ်မတော်က ချိုးဖောက်တာတွေ များပါတယ်”
လက်နက်ကိုင် ပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင်လ ၁၀ ရက် (ယနေ့) တွင်လည်း ကျောက်တော်မြို့ နှင့် (၇) မိုင်ခန့်သာ ကွာဝေးသည့် နေရာမှ လက်နက်ကြီးသံများ၊ သေနတ်သံများ ကြားနေရသည်ဟု ကျောက်တော် ဒေသခံများက ပြောသည်။
ကျောက်တော်ဒေသခံတစ်ဦးက “ဒီနေ့ ကျောက်တော် ရွှေပြည်၊ သာစည်တည့်တည့် အောင်ဇင်နားမှာ နေ့လည် ၁၂ နာရီ ၂၀ လောက်က ပစ်ခတ်သံတွေကြားတယ်။ တိုက်ပွဲလား ပစ်ခတ်မှုလားတော့ မသိဘူး။ ကြားရတာပေါ့။ ကျောက်တော်နဲ့က (၇) မိုင်တော့ ဝေးတယ်။ ကျောက်တော်-ပလက်ဝကားလမ်းပေါ့။ အောင်ဇင်ဆိုတာက အင်းပေါ့၊ ဒီတပတ်ထဲမှပဲ ဒီကျောက်တော်ကစ္ဆပနဒီ တံတားအရှေ့ဘက်၊ ကျောက်တော်တောင်နဲ့ ပိန္နဲချောင်းရွာကြား မှာ ပေါက်ကွဲမှု တစ်ခုဖြစ်တယ်” ဟု ပြောသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ လက်နက်ကိုင်ပဋိပက္ခအတွင်း (၁) မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်း ချုပ်နှောင်ခြင်း၊ (၂) ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း၊ (၃) အတင်းအဓမ္မစေ ခိုင်း ခံရခြင်း၊ (၄) အတွင်းအဓမ္မရွှေ့ပြောင်းခံရခြင်း၊ (၅) ညှင်း ပမ်းနှိပ်စက်ခြင်း၊ လူမဆန်စွာ နာကျင်စေအောင်ပြုမူခြင်း၊ (၆) သတ် ဖြတ်ခြင်း၊ (၇) လွတ်လပ်စွာ သွားလာခွင့်ကို တားဆီးခြင်း၊ (၈) အစအနပျောက်ဆုံးခြင်းနှင့် (၉) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်းများကို ပြည်သူများအနေဖြင့် ကျူးလွန်ခံနေရသည်ဟု AASYC ၏ ပြုစုဖော်ပြလိုက်သည့် စာရင်းအရ သိရသည်။
ထိုလူ့အခွင့်အရေးချိုးဖောက်မှုများကို မောင်တော၊ ဘူးသီးတောင်မြို့ ၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏား ကျွန်း၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ မြေပုံ၊ အမ်းနှင့် ပလက်ဝမြို့နယ်တို့တွင် အများဆုံးဖြစ်ပွားနေပြီး ပြည်မြို့၊ ပုသိမ်မြို့ နှင့် ရန်ကုန်တို့တွင်လည်း ချိုးဖောက်ခံရမှုများ ရှိနေသည်ဟု AASYC က ပြောသည်။ အဆိုပါ မြို့များထဲတွင် မြောက်ဦးမြို့သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမြှင့်ဆုံးဖြစ်သည်ဟု ပြောသည်။
လက်နက်ကြီးကျည်များ မတော်တဆထိခိုက်မှု၊ မြေမြှုပ်မိုင်းထိမှု၊ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်း/ဗုံး သီးများ မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ (၇၆) ခန့်အား ထိခိုက်မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးမှုများလည်း ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် တပ်မတော်၏ စစ်ကြောရေးတွင် သေဆုံးသွားသူ (၁၂) ဦးရှိပြီဟုလည်း AASYC က စာရင်းကောက်ခံရရှိထားသည်ဟု ပြောသည်။