ရှမ်းမြောက်တွင် သေဆုံးသူ အမျိုးသမီးကိစ္စ အမှုမှန်ပေါ်ရေး အရပ်ဘက်အဖွဲ့များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

ရှမ်းပြည်နယ်၊ မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေခဲ့သည့် ဒေါ်နန်ထန် ကိစ္စနှင့် ပတ်သက်၍ ကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ပေးရန်နှင့် ပဋိပက္ခဒေသအတွင်းမှ အမျိုးသမီးများ၏ လုံခြုံရေးကို အထူးအလေးထား တာဝန်ယူပေးရန် အရပ်ဘက် လူမှုအဖွဲ့အစည်း (၄၀) က တောင်းဆိုလိုက်သည်။

“ကျမတို့ကတော့ ပဋိပက္ခဒေသတွေမှာပေါ့နော် ဒီလိုမျိုး မတရားသတ်ဖြတ်ခံရတဲ့ အမှုတွေ အမှုမှန်ပေါ်ပေါက်ဖို့ အရေး ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်။ အမျိုးသမီးတွေရဲ့ လုံခြုံရေးကိစ္စကို အထူးအလေးထားစေချင်တယ်။ နိုင်ငံတကာက သတ်မှတ်တဲ့ ဥပဒေတွေကိုလည်း လက်နက်ကိုင်တွေအားလုံး တပ်မတော်အပါအဝင်ပေါ့ လိုက်နာစေချင်ပါတယ်” ဟု အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကွန်ရက်(ရှမ်းမြောက်) အဖွဲ့က ဒေါ်ခေါင်နန်းက ပြောသည်။

ဒေါ်နန်ထန်သည် သူမနေထိုင်ရာ ကွတ်ခိုင်မြို့နယ်၊ ပိန်းပွန်အုပ်စု၊ နမ့်ဆောင်ကျဲကျေးရွာရှိ နေအိမ်ဈေး ဆိုင်ထဲတွင် ဇူလိုင်လ (၄) ရက်နေ့ နံနက်အစောပိုင်း (၁) နာရီအချိန်ခန့်က ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု အရပ်ဖက် အဖွဲ့အစည်းများ၏ ဇုူလိုင်လ ၁၀ ရက် (ယနေ့) ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်နန်ထန်သေဆုံးနေပုံနှင့် ပတ်သက်၍ “သူ့ရဲ့ အိမ်ဆိုင်က တဲအိမ်။ မြေကြီးတဲအိမ်ဟုတ်တယ်။ တဲရဲ့ အရှေ့ ဘက် အခန်း၊ မြေကြီးပေါ်မှာ ကျနေတယ်။ ညာခြေကတော့ ထောင်နေတာမျိုးပေါ့၊ ဘယ်လက်တော့ အောက် ဘက်ကို ကွေးထားသလိုမျိုးပေါ့။ ဦးခေါင်းမှာ တော်တော်ခြိမ့်သွားတယ်။ လည်ပင်းမှာလည်း ညိုမည်းနေတဲ့ ဒဏ်ရာတွေရှိတယ်။ ဆရာဝန်ရဲ့ စစ်ချက်အရဆိုရင်တော့ အဲ့ဒါက လည်ပင်းရိုးကျိုးတယ်လို့ ပြောတယ်။ နားရွက် နားမှာလည်း ဒဏ်ရာရှိတယ်။ ရိုက်ခံထားရတဲ့ ဒဏ်ရာမျိုးပေါ့။ ပြီးတော့ လူသေအလောင်းကိုကြည့်ရတာ နောက်ထပ်ဒဏ်ရာတစ်ခုက ညာဘက်နားရွက်မှာ ဒဏ်ရာရှိနေတယ်။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် သူ့ကို မအော်နိုင် အောင် ရိုက်ချလိုက်တာမျိုး၊ ဒီမေးရိုးကလည်း ကြေနေတာမျိုးကိုတွေ့တယ်” ဟု ဒေါ်ခေါင်နန်းက ရှင်းပြသည်။

“အခန်းထဲမှာလည်း ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး ဘာမှမတွေ့ရဘူး။ သူတို့ရွာထဲမှာ အိမ်တွေက အရမ်းကြီး ဝေးတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် အသတ်ခံရတဲ့အချိန်ကတော့ မိုးတွေ အရမ်းရွာနေတယ်တဲ့။ ညမှ ဖြစ်တဲ့အတွက်ကြောင့်မို့လည်း ဘယ်သူမှမသိလိုက်တာမျိုး၊ ဘာသံမှလည်း မကြားရတာမျိုးပေါ့။”

သက်ဆိုင်ရာ တာဝန်ရှိသူများက ကျူးလွန်သူများအား အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးရန်၊ ကျူးလွန်သူအား ထိရောက်စွာ အရေးယူပေးပါရန်၊ အပြစ်မဲ့သူများအား မတရားစွပ်စွဲခြင်း မပြုလုပ်ရန်၊ စုံစမ်းစစ်ဆေးနေချိန် တွင် ဒေသခံပြည်သူများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပေးရန်၊ ဘက်လိုက်မှုကင်းစွာ၊ အဂတိလိုက်စားမှုကင်းစွာ လုပ်ဆောင်ရန်၊ စုံစမ်းစစ်ဆေးနေစဉ်တွေ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ပဋိပက္ခဒေသ အတွင်းမှ အမျိုးသမီးများ၏ လုံခြုံရေးကို အထူးအလေးထားပေးရန် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

ထိုဒေသသည် ၂၀၁၁ ခုနှစ်မှ မြန်မာ့တပ်မတော်နှင့် KIA တို့အကြား တကြော့ပြန် ပြည်တွင်းစစ်ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တည်ငြိမ်အေးချမ်းမှု မရှိသေးသည့် ဒေသဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ထို့အပြင် လက်ရှိအချိန်တွင် နမ့်ဆောင်ကျဲရွာ၌လည်း ခလရ (၂၆၁) တပ်စခန်းချထားသည့် ကျေးရွာဖြစ်ပြီး KIA နှင့် TNLA တပ်များလည်း လှုပ်ရှားနေသည့် ဒေသဖြစ်ပါသည်ဟု ထုတ်ပြန်ချက်ထဲတွင်တွေ့ရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိနေသည့် နေရာများ၊ ပဋိပက္ခဧရိယာများအတွင်း နေထိုင်နေရသည့် အမျိုးသမီးများအနေဖြင့် စိန်ခေါ်မှုများစွာရှိသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) ပြောသည်။

“ကျမတို့သိရသလောက်ဆိုရင် ရှမ်းမြောက်မှာ ဒီဒေါ်နန်ထန်ကိစ္စအပြင် တခြားကျူးလွန်ခံရတာတွေလည်း ရှိတယ်။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတော့ ပဋိပက္ခဧရိယာလည်းဖြစ်နေတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ပေါင်းစုံရှိနေတဲ့အခါကြတော့ အမျိုးသမီးတွေက သွားရလာရတာလည်း လုံခြုံမှုမရှိဘူး။ အကြမ်းဖက်ခံရတဲ့အပိုင်းတွေလည်း များလာတယ်” တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ အလုပ်အမှုဆောင် ကော်မတီ ဝင် တစ်ဦး ဖြစ်သည့် လွေးချီဆငါး က ပြောသည်။

ထို့အပြင် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရပ်တည်ရးတို့ကို မည့်သည့်အဖွဲ့အစည်းကမှ အာမခံမှု၊ လုံခြုံမှု မပေးနိုင်သည့်အတွက် ပြစ်မှုဖြစ်ပွားသည့် ကိစ္စရပ်တိုင်းတွင် အမှုမှန်ပေါ်ပေါက်ရန် ခက်ခဲ့လှသည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

“ကျမတို့ပြောချင်တာက ဒေါ်နန်ထန်မဟုတ်ပဲနဲ့ တခြားကျူးလွန်ခံရတာတွေလည်း ရှိခဲ့တယ်။ အမှန်တရားဆိုတာ မပေါ်ခဲ့ဘူး။ ကျူးလွန်တဲ့အပေါ်မှာ အမြန်ဆုံး အမှုမှန်ပေါ်ဖို့ရယ်၊ ဘယ်သူပဲ ကျူးလွန် ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ရယ်၊ တရားမျှတမှု ရှိရှိဆောင်ရွက်ဖို့ရယ်၊ အစိုးရတွေရော တိုင်းရင်းသား လက်နက်ကိုင်တွေရော အမှန်တရားဖော်ထုတ်ပေးစေချင်တယ်။ ဘက်လိုက်မှု မရှိပဲနဲ့ လာဘ်စားမှုတွေ မရှိပဲနဲ့ အရှိကိုအရှိအတိုင်းပေါ့နော်” ဟု လွေးချီဆငါးက ဆက်ပြောသည်။

ဒေါ်နန်ထန်အား နမ့်ဖက်ကာဒေသရှိ သူမ၏ မိခင်အိမ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က သဂြိုလ်ခဲ့သည်ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောသည်။

မိသားစုဝင်များ၏ ပြောပြချက်အရ ဒေါ်နန်ထန် အသတ်ခံရမှုနှင့်အတူ ဈေးဆိုင်နေအိမ်အတွင်းရှိ ငွေကြေးအချို့လည်း ပျောက်ဆုံးသွားသည်ဟု သိရသည်။

“ငွေလည်းပျောက်တာလည်းရှိတယ်။ အဲ့ဒီမကြာသေးခင်ကပဲ နမ္မတီးက သူ့အစ်မက ငွေဆယ်သိန်းလွှဲထားတာ ရှိတယ်ပေါ့။ ပြီးတော့ အဲ့ကျေးရွာက တခြားအိမ်တွေမှာ ပိုက်ဆံချေးထားပြီး ရတာတွေလည်း ရှိသေးတယ်။ ပြီးရင် သူဈေးရောင်းလို့ရတဲ့ဟာတွေလည်း ရှိသေးတယ်ပေါ့။ အကုန်လုံးတွက်မယ်ဆိုရင် အနည်းဆုံး သိန်း ၂၀ လောက်ရှိမယ်။ အဲ့ဒီပိုက်ဆံတွေက တစ်ပြားမှ မကျန်တော့ဘူးပေါ့နော်” ဟု ဒေါ်ခေါင်နန်းက ပြောသည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ရေးတွင်လည်း ဒေသတွင်း လုံခြုံရေးအခြေအနေများကြောင့် အခက်အခဲများ ရှိနေသည်ဟု ဒေါ်ခေါင်နန်းက ပြောသည်။

“ကျမတို့ CSO အဖွဲ့တွေက ရဲစခန်းနဲ့ သွားတွေ့ထားတယ်။ နမ့်ဖက်ကာ ရဲစခန်းပေါ့။ ရဲစခန်းက ပြောတာက ဟိုဘက်(မှုခင်းဖြစ်တဲ့နေရာ) သွားလာဖို့ လုံခြုံရေးအခြေအနေက အဆင်မပြေသေးဘူးလို့ ပြောတာပေါ့နော်။”

သေဆုံးသူ ဒေါ်နန်ထန်တွင် သမီးနှစ်ဦးနှင့် နာမကျန်းဖြစ်နေသည့် ခင်ပွန်းသည်တို့ကျန်ရစ်ပြီး ၎င်းတို့သည့် နီးစပ်ရာ ဆွေမျိုးများနှင့် ဟိုဖြတ်ကျေးရွာတွင် နေထိုင်လျှက်ရှိသည်ဟု သိရသည်။