ဗန်းမော်တွင် ၅ ရက်မြောက် ရေဆက်ကြီးနေ၊ အကူအညီများ လိုအပ်နေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၇ ရက်။
ဗန်းမော်မြို့အနီး မြစ်ရေ အနည်းငယ်ကျသွားသော်လည်း စိုးရိမ်ရေမှတ်အထက်တွင်သာ ရှိနေဆဲဖြစ်ရာ ရပ်ကွက်များအတွင်း ဆက်လက် ရေဝင်နေဆဲ ဖြစ်သဖြင့် ရေဘေးဒုက္ခသည်များအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း မိုး/ဇလ ဦးစီးဌာန၏ ဇူလိုင်လ (၁၇) ရက်နေ့ (ယနေ့) တိုင်းတာ ချက် အရ ယမန်နေ့ကထက် ရေအနည်းငယ်ကျသွားသော်လည်း စိုးရိမ်ရေအမှတ်ထက် မြင့်တက်နေစဲဖြစ်ပြီး ဒေသခံများလည်း အရေးပေါ် အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ဒေသခံများ ကပြောသည်။
ဗန်းမော် ဒေသခံ ကိုလအောင်က “ဒီနေ့တော့ စိုးရိမ်ရေအမှတ်ထက်ကျော်ပြီးတက်တာကနေ နည်းနည်းကျတာပဲ ရှိတယ်။ စိုးရိမ်ရေအမှတ်အောက်တော့ မရောက်သေးဘူး။ ရေတွေက ရပ်ကွက်တွေထဲ၊ အိမ်တွေထဲမှာ ရှိနေတုန်း။ ပြန်လို့မရသေးဘူး။ ဘုန်းကြီးကျောင်းတွေနဲ့ ကုန်းမြင့်တဲ့နေရာတွေမှာ နေနေရတုန်းပဲ။ အစား အသောက်တွေက လိုအပ်နေစဲပဲ။ အစိုးရနဲ့ ရပ်ကွက်က ထမင်းထုပ်တို့၊ ဆန်တို့ နည်းနည်းပါးပါး ကူညီတာ တွေတော့ ရှိတယ်။ မလုံလောက်ဘူး” ဟု ပြောသည်။
ဗန်းမော်မြို့အတွင်းက ခွန်သာ၊ တပ်ကလေး၊ မဟာဒီး၊ ဆင်ကုန်းနှင့် တရုတ်တန်း စသည့် ရပ်ကွက်များမှာ ယနေ့အချိန်ထိ နေအိမ်များအတွင်း ရေများ ရှိနေစဲဖြစ်သည်။ အဆိုပါရပ်ကွက်များတွင် ရေကြီးနေသည်မှာ ၅ ရက် ရှိပြီဟု ဒေသခံများက ပြောသည်။
ရေဘေးကြောင့် ကြုံနေရသူများသည် ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ကုန်းမြင့်ဒေသများ တွင် မိမိတို့အစီအစဉ်ဖြင့် ပြောင်းရွှေ့နေနေရဆဲ ဟုလည်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၁၃ ရက်န့မှ စတင်ကာ အဆိုပါ ရပ်ကွက်များအတွင်း ရေများ တက်လာခြင်းဖြစ်သည်။
ဗန်းမော်မြို့မှ ရေဘေးကြုံနေရသည့် ဒေသခံများအတွက် Kachin Youth Movement က ဇူလိုင်လ ၁၇ ရက်နေ့ (ယနေ့) တွင် အလှူငွေတချို့အပြင် စားနပ်ရိက္ခာများနှင့် သောက်ရေသန့်ဗူးများ သွားရောက်လှူဒါန်းသည်နေဟု သိရသည်။
ကူညီပေးရေးတွင် ပါဝင်သည့် ကချင်လူငယ် ကိုဝန်ဇွပ်အောင် “လူသားချင်းစာနာမှုအနေနဲ့ တတ်နိုင်သလောက် သွားကူညီတာပါ။ ကချင်တွေကိုပဲ သွားကူတာမဟုတ်ပါဘူး။ တချို့က ပြောနေတာ ကချင်တွေကိုပဲ ကူညီမယ် လို့ပြောနေတာတွေရှိတယ်။ မဟုတ်ပါဘူး။ အဲ့က ရေဘေးဒုက္ခသည်အားလုံးကို သွားကူညီတာပါ။” ဟု ပြောသည်။ “အဓိက စား သောက်စရာတွေ၊ ပေါင်မုန့်တွေ၊ သောက်ရေသန့်တွေ သွားကူညီတာပါ။ လူဦးရေ ၃၀၀ ကျော်စာလောက်အတွက်ပါပဲ။ တခြားတတ်နိုင်တဲ့လူတွေလည်း ကူညီစေချင်တယ်။ ဟိုမှာက ရေတွေဝင်ပြီး တကယ်အခက်အခဲ ဖြစ်နေကြတာပါ” ဟု ကိုဝန်ဇွပ်အောင်က ဆက်ပြောသည်။
ဇူလိုင်လ ၁၇ ရက်နေ့(ယနေ့) ညနေ သုံးနာရီခွဲအချိန်ထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန၏ တိုင်းတာချက်အရ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ၁၂၀၁ စင်တီမီတာရှိနေပြီး စိုးရိမ်ရေ အမှတ် ၁၁၅၀ စင်တီမီတာကို ကျော်နေစဲဖြစ်သည်။
ယမန်နေ့က ဧရာဝတီမြစ်ရေသည် ၁၂၂၀ စင်တီမီတာထိ မြင့်တက်ခဲ့သည်။
ဇူလိုင်လ ၁၇ ရက်နေ့ (ယနေ့) သုံးနာရီခွဲအချိန်ထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန၏ တိုင်း တာချက်အရ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဗန်းမော်မြို့၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းမြို့များသည် သတ်မှတ်ထားသည့် စိုးရိမ်ရေ အမှတ်များထက်မြှင့်တက်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး နှင့် မင်းပြားမြို့နယ်များတွင် ဇူလိုင်လ ၁၁ ရက်နေ့မှစတင် ကာ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျံှမှုများကြောင့် လူပေါင်း (၉၄၈၉) ဦးရေဘေးသင့်ခဲ့သည်။ ထို့အပြင် လူနေအိမ် အလုံး (၃၀) ကျော်ပျက်စီးခဲ့သည်ဟု စစ်တွေမြို့ ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာနက သတင်း မီဒီယာတွေများအား ထုတ်ပြန်ပြောဆိုခဲ့သည်။
ပြည်နယ် (၃) ပြည်နယ်ဖြစ်သည့် ကချင်၊ ရခိုင်၊ ချင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဇူလိုင်လ ဒုတိယ အပတ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ရေဘေးဒုက္ခသည် နှစ်သောင်းကျော်ရှိသည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူများက သတင်းမီဒီယာများတွင် ပြောဆိုထားသည်။