ရခိုင်တွင် တိုက်ပွဲပြင်းထန်၊ အရပ်သားများ ရွာလုံးကျွတ်ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်။

“ထွက်ပြေးတာကတော့ အများကြီးပါ အဲဒီဖက်က ရွာတွေ တောက်လျှောက်ပဲ အဲဒီ ဘူးသီးတောင် တောင်ပိုင်း မှာ ရှိနေတဲ့ရွာတွေ အကုန်လုံးထွက်ပြေးနေကြတာပဲ” ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

ဒေသခံများမှာ နီးစပ်ရာ ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့၏ စားသောက်နေထိုင်ရေးအတွက် စိုးရိမ်ပူပန်နေရသော်လည်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများ သွားရောက်ရန် ခက်ခဲနေသည်ဟု ဦးအောင်သောင်းရွှေ က ပြောသည်။

“ICRC အဖွဲ့လိုမျိုးတောင်သွားလို့မရဘူး။ တပ်မတော်က ခွင့်မပြုဘူး။ အကုန်လုံးပိတ်ထားတယ် တပ်မတော်ကလေ။”

ထို့အပြင် တိုက်ပွဲကြား ပိတ်မိနေသူများလည်း ရှိသည်ဟု သိရသည်။

“ဘူးသီးတောင်မြို့နယ် စံကိုးတောင် ကျေးရွာအုပ်စု ရှစ်ရှားတောင်ကျေးရွာမှာ ဆိုလို့ရှိရင် ပိတ်မိနေတဲ့ လူ ၃ ယောက်ရှိတယ်။ အဖွားကြီး တစ်ယောက် ရှိမယ် အသက် ၉၀ လောက်ရှိမယ် သူ့ရဲ့သားကတော့ စကားမပြောတတ်ဘူး နောက်တစ်ယောက်က စိတ်မနှံ့တဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။ လူတွေကတော့ အကုန်လုံး ထွက်ပြေးသွားပြီး သူတို့ကျန်ခဲ့တယ်။” ဟု ဦးအောင်သောင်းရွှေ က ပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ဇူလိုင်လ ၁၇ ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွား ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင် ၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ် နှင့် ဇူလိုင်လ ၁၈ ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။

“ပုဏ္ဏားကျွန်းရယ်။ ဘူးသီးတောင်ရယ် မြောက်ဦးရယ် အဲဒီ ၃ မြို့နယ်ထဲမှာ ဖြစ်တာရှိတာပေါ့နော အဲမှာ တိုက်ပွဲ တော်တော် အပြင်းအထန်တဲ့ နေရာလည်းရှိတယ်။ ဘူးသီးတောင်ဖက်မှာ ဆိုလို့ရှိရင် ရဟတ်ယာဉ်တွေနဲ့ လာပြီးတော့ ၂ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် တိုက်ပွဲက ပြင်းထန်တာ။ အဲမှာ ဗုံးလည်းကြဲတယ် စက်သေနတ်တွေနဲ့လည်း ပစ်တာပေါ့နော နောက်ပြီးတော့ မြန်မာစစ်တပ်က သူတို့ အဝေးကနေပြီးတော့ လက်နက်ကြီး တစ်ညလုံး လှမ်းပစ်နေတယ်။ ဒီပလက်ဝမြို့နယ် ပြည်တောင်နားမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ် တာရှိတယ်။”

ဇူလိုင်လ ၁၈ ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ ပြည်တောင်ရွာနားတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ခမီးကျိန်ချောင်းရွာနှင့် နန်းတင်းရွာကြားတွင် တစ်ကြိမ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကန်ပြင်ကျေးရွာအနီးတွင် တစ်ကြိမ်၊ မြောက်ဦးမြို့နယ် အုတ်ဖိုကန်ရွာ အနီးတွင်တစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု AA က ပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများအား ဆက်သွယ်၍ မရသေးပေ။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ဘေးဒုက္ခသည် ငါးသောင်းခန့်အထိ ရှိနေသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံးက ကောက်ခံထားသည့် စာရင်းများအရသိရသည်။

မြန်မာ့တပ်မတော်က အခြားစစ်တိုင်းကြီး ၅ တိုင်းတွင် တစ်ဖက်သတ် အပစ်ရပ်ထားသည့် ကာလအတွင်း ရခိုင်ပြည်နယ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်ရေးပဋိပက္ခအတွင်း ဒေသခံပြည်သူများမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးနှင့် ကြုံနေရသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။