မွန်ပူးပေါင်းပါတီ ရွေးကောက်ပွဲ မဟာဗျူဟာ ရေးဆွဲမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မွန်ပါတီများ ပူးပေါင်းထားသော မွန်ညီညွတ်ရေးပါတီက မဟာဗျူဟာ ရေးဆွဲရေး ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ မူကြမ်းကို လာမည့်သြဂုတ်လအတွင်းအပြီး ရေးဆွဲသွားရန် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦးပါ ကော်မတီကို တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်လရီတမက ပြောသည်။
“၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ဖို့က အရေးကြီးတယ်၊ ဒါကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရေးဆွဲရေးကော်မတီတစ်ရပ်ကို ဗဟိုအလုပ်အမှုဆောင် ၉ ဦးနဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်တယ်၊”
မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်နှစ်ခုနှင့် တိုင်းဒေသကြီး ၃ ခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
မွန်ပါတီများ ပေါင်းစည်းကာ မွန်ညီညွတ်ရေးပါတီ မှတ်ပုံတင်ခွင့်ရပြီးနောက် လုပ်ဆောင်နေမှုများသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သက်ရောက်မှု အများကြီးရှိနိုင်သည်ဟု ဒေသခံများနှင့် မွန်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။
“အခု မွန်တစ်ပါတီတည်း ဖြစ်သွားတဲ့အပေါ်မှာ လာမယ့်ရွေးကောက်ပွဲမှာ မွန်ပြည်သူတွေကလည်း မွန်ပါတီကို မဲပေးကြလိမ့်မယ်။ အဲ့ဒီအတွက်ကြောင့် မွန်ပါတီက ၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂၀ ရွေးကောက်ပွဲ တကယ်ဖြစ်လာမယ်ဆိုရင် လွှတ်တော်နေရာတော်တော်များများမှာ မွန်ပါတီကရဖို့ အလားလာရှိနိုင်မယ်လို့ မြင်ပါတယ်” ဟု မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာသူ မင်းမင်းနွယ်က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကာလက မွန်ပါတီ နှစ်ပါတီ ရှိနေခဲ့ခြင်းကြောင့် မွန်ပြည်သူများ မဲပေးရာတွင် အခက်အခဲ ဖြစ်ခဲ့ရသည်ဟု ဆိုကာ ပြည်သူများနှင့် သံဃာတော်များက မွန်ပါတီများ ပေါင်းစည်းရန် တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။
“မွန်တစ်ပါတီတည်း ဖြစ်သွားတဲ့အပေါ် လာမယ့်ရွေးကောက်ပွဲမှာ အများကြီးသက်ရောက်မှုရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီနှစ်ခုဖြစ်နေတဲ့အပေါ်မှာ မွန်ပြည်သူတွေက ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးဖို့ အခက်အခဲဖြစ်လို့ မွန်နှစ်ပါတီပေါင်းဖို့ ဆန္ဒပြင်းပြခဲ့ကြတယ်။ ဒီအပေါ်မှာ လူထုတွေက တိုက်တိုက်တွန်းတွန်း လုပ်ခဲ့ကြတယ်။ ဘုန်းတော်ကြီးတွေနဲ့ တကွပေါ့နော်။ အများကြီးကြိုးစားခဲ့ကြတယ်။”
မွန်ညီညွတ်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ ဝင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့အပြင် ပါတီမှတ်ပုံတင် မကျသေးသည့် မွန်အမျိုးသားကိုယ်စားပြုပါတီ ၃ ပါတီတို့ ပေါင်းစည်းထားခြင်းဖြစ်သည်။
မွန်ညီညွတ်ရေးပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြင့် ရွေးကောက်ပွဲကော်မရှင် က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲနှင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။
မွန်ညီညွတ်ရေးပါတီအနေနှင့် ၂၀၂၀ တွင်ရွေးကောက်ပွဲဝင်သွားမည့် ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများ အတွင်းရှိ မြို့နယ် ၂၃ မြို့ နယ်နှင့် ယင်းမြို့နယ်များအတွင်းရှိ ရပ်ကွက်များ/ကျေးရွာအုပ်စုများတွင် ပါတီရုံးခန်းဖွင့်ခြင်း ဆိုင်း ဘုတ်တင်ခြင်းတို့ကို လုပ်ဆောင်သွားရန်လည်း ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း နိုင်လရီတမက ပြောသည်။