ကချင်နှင့် ရှမ်းမြောက် မိန်းကလေးငယ်များ လူကုန်ကူးခံနေရဟု ယန်ဟီးလီပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်အများစုသည် စားဝတ်နေရေး မပြေလည်မှုများမှတစ်ဆင့် အိမ်နီးချင်း နိုင်ငံများသို့ လူကုန်ကူးခံရသည့် အခြေအနေသို့ ရောက်ရှိလာသည် ဟု UN လူ့အခွင့်အရေး ကိုယ်စားလှယ်က မစ္စရန်ဟီးလီက ပြောသည်။

“ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ နှစ်ပေါင်းများစွာ ပဋိပက္ခကြောင့် မိသားစုအများအပြားကို ငွေရေးကြေးရေး အခက်အခက်တွေတွေ့ ကြုံစေပြီး အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လူကုန်ကူးမှုအန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေကို ကြုံတွေ့စေပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ရွေ့ပြောင်းရပြီး ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့သူတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်။”

အသက် (၉) နှစ်အရွယ်ရှိ အမျိုးသမီး ကလေးငယ်များလည်း လူကုန်ကူးခံရသူများထဲတွင် ပါဝင်သည်ဟု UN လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောသည်။

လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စရန်ဟီးလီ က “ကျမရဲ့ ခရီးစဉ်အတွင်း အမျိုးသမီးတွေနဲ့ တချို့ (၉) နှစ်သားလောက်အထိငယ်တဲ့ မိန်းကလေးငယ်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းကနေ အိမ်နီးချင်းနိုင်ငံကို လိင်လုပ်ငန်းအတွက် ကုန်ကူးခံနေရတယ်ဆိုတဲ့ အစီရင်ခံချက်တွေကို ရရှိခဲ့လို့ စိတ်ညစ်ခဲ့ရပါတယ်” ဟု ပြောသည်။

ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ရှိသည့် လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်ဘေးဒုက္ခသည်များနှင့် တွေ့ဆုံပြီးနောက် ဇူလိုင်လ (၁၈) ရက်နေ့က ထုတ်ပြန်လိုက်သည့် လူ့အခွင့်အရေးဆိုင်ရာ ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

ဒေသတွင်း ဆင်းရဲမွဲတေမှု မြှင့်တက်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ပဋိပက္ခနယ်မြေများအတွင်း စားဝတ်နေရေး အဆင်မပြေခြင်းတို့ကြောင့် အမျိုးသမီးအများစုမှာ လူကုန်ကူးခံနေရသည်ဟုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် လုပ်ဆောင်နေသူများက ပြောသည်။

“ဖြစ်ရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံရဲ့ စားဝတ်နေရေးကြောင့်ပေါ့၊ ပြီးရင်ဘယ်လိုဖြစ်လဲဆိုတော့ Camp စစ်ဘေးရှောင်စခန်းမှာရှိတဲ့လူတွေ လူကုန်ကူးခံရတယ်။ မိအေးနှစ်ခါနာပေါ့နော်။ တကယ့်ကို စိတ်ပိုင်းဆိုင်ရာရော ခန္ဓာပိုင်းဆိုင်ရာရော ထိခိုက်မှုရှိတယ်။ နယ်စပ်မှာကတော့ တခြားနေရာတွေထပ်ပိုများပါတယ်။ ပြောင်းရွှေ့ အလုပ်သမားတွေပေါ့ အလုပ်ပေးမယ်ဆိုပြီး ခေါ်လာပြီး ရောင်းစားလိုက်တာမျိုးတွေရှိတယ်။ အသက်အရွယ် ဆယ်ကျော်သက်နေ အသက်သုံးဆယ်အောက်တွေများတယ်” လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်နေသည့် မူဆယ်မြို့က မမေဇင်ဦး က ပြောသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း( TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးကလည်း “အသက်မပြည့်တဲ့ ကလေးတွေအမျိုးသမီးတွေကို အလုပ်ပေးမယ်ဆိုပြီးတော့ ခေါ်လာတယ်။ ဒါပေမယ့် အိမ်ရှင်ဆီ ရောက်သွားတော့ လုပ်အားခ မရတာတို့ ညင်းပန်းနှိပ်စက်ခံရတာတို့ ပျောက်ဆုံးသွားတာတို့ အဲလို မျိုးပုံစံမျိုးတွေတော့ရှိတယ်။ အမျိုးသမီးတောင်မှ အမျိုးသမီးငယ်တွေပေါ့ တချို့ကျတော့ ဆယ့်သုံး ဆယ်လေး ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် ဆယ့်ရှစ်နှစ် အသက်အရွယ်ရောက်ပြီးသား အမျိုးသမီးတွေလည်းပါတယ်။ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်တွေလည်းပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လူကုန်ကူးခံရမှု အမျိုးမျိုးရှိသည့်အနက် အတင်းအဓမ္မထိမ်း မြားစေခြင်းမှတဆင့် လူကုန်ကူးခံရမှုမှာ မြင့်တက်နေပြီး ၈၀ ရာခိုင်နှုန်းအထက်တွင် ရှိသည်ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် လုပ်ဆောင်နေသူများက ပြောသည်။

စစ်ရေးပဋိပက္ခများဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်းမှ အမျိုး သမီးငယ်များ လူကုန်ကူးခံ ရသည့်ပုံစံနဲ့ ပတ်သက်၍ ကချင်အမျိုးသမီးများအစည်းအရုံး အကြံပေးအဖွဲ့ဝင် ဒေါ်မရန်ဘောက်ဂျာ က ယခုလိုပြောသည်။

“IDPs တွေက အထောက်အပံ့ တွေလျော့နည်းသွားတော့ နေ့စားအလုပ်တွေလုပ်တယ်။ လုံလောက်မှုမရှိဘူး။ KIA ထိန်းချုပ်နယ်မြေ ဘက်မှာ ဆိုရင် အထောက်အပံ့တွေကို အစိုးရနဲ့ စစ်တပ်က တားမြစ်တာတွေ ထိန်းချုပ် တာတွေ လုပ်တယ်။ ဒါကြောင့် တဖက်နိုင်ငံပေါ့နော် အဓိကတော့ အနီးဆုံးတရုတ်ပေါ့နော်။ အဲ့မှာ အလုပ်ရှာတယ်။ အဲ့အချိန်မှာ ရောင်းစားခံရတဲ့ဟာတွေ၊ အတင်းအဓမ္မအလုပ်ခိုင်းစေမှုတွေ၊ လက်ထပ်တာတွေ၊ ကလေးမွေးခိုင်းတဲ့ဟာတွေက တကယ့်ကို ဆိုးဆိုးရွားရွားတွေ့နေရတဲ့ အနေအထားတွေမှာ ရှိနေတယ်” ဟု ဇွန်လ ၂၀ ရက်နေ့က ကျင်းပသည့် အိမ်မလွမ်းသူ ဘယ်သူရှိမလဲ အစီရင်ခံစာသစ်ထုတ်ပြန်ခြင်းနှင့် သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ်မှ စတင်ကာ ဖြစ်ပွားလာခဲ့သည့် စစ်ဘေးရှောင်စခန်းများရှိ ဒုက္ခသည်များအား စားနပ်ရိက္ခာများ၊ အထောက်အပံ့များ၊ အကူအညီများ လျော့ချခံရခြင်းများနောက် စားဝတ်နေရေးအတွက် အပြင်ထွက် အလုပ်လုပ်ရာမှ လူကုန်ကူးခံရမှုများ ပိုမိုများပြားလာသည် ဟု ပြောသည်။

“ရှမ်း၊ ကချင်၊ လားဟူ၊ ပအို့ဝ်နဲ့ တခြား တိုင်းရင်းသား လူနည်းစု အသိုင်းအဝိုင်တွေက အမျိုး သမီးတွေနဲ့ မိန်းက လေးငယ်တွေကို ပွဲစားတွေက တရုတ်နိုင်ငံကို ခေါ်ယူသွားပြီး အဲဒီမှာ သူတို့ကို “သတို့သမီးများ” အဖြစ်ထားရှိ ပြီး ထိတ်လန့်စရာ ကောင်းအောင်ပဲ မုဒိန်းကျင့်ခြင်း၊ ကိုယ်ဝန်ဆောင်စေခြင်းနဲ့ အဓမ္မကလေးမွေး စေခြင်းတို့ကို ကြုံတွေ့နေကြရပါတယ်။ လူကုန်ကူးခံခဲ့ရပြီး တရုတ်နိုင်ငံရဲ့  နေရာအများအပြားမှာ ထားရှိခံရပြီး နှစ်ပေါင်း ၂၀ ကြာအောင် ယောက်ျားအမျိုးမျိုးရဲ့ ကလေး ၁၈ ယောက်ကို မွေးပေးခဲ့ရတဲ့ ရင်နာစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုကို ကျမကြားခဲ့ရပါတယ်” ဟု မစ္စရန်ဟီးလီက သူမရရှိခဲ့သည့် သတင်းအချက်အလက်ကို ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

၎င်းအမျိုးသမီးမှာ မိမိ၏ ကလေးငယ်များကို ပြုစုစောင့်ရှောင်ခွင့်ပင် မရရှိခဲ့ဘူးဟုလည်းဆက်ပြောသည်။ အဆိုပါအမျိုးသမီးအား နှစ်ပေါင်း ၂၀ ကျော်အကြာမှ အိမ်ပြန်ရန် အကူအညီရရှိခဲ့သည်ဟု မစ္စရန်ဟီးလီက ဆိုသည်။

အတင်းအဓမ္မထိန်းမြှားခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ဇနီးမယားအဖြစ်၊ လိင်ပိုင်းဆိုင်ရာ ကျွန်များအဖြစ် အရောင်းခံရခြင်း၊ လုပ်ငန်းခွင်များသို့ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း၊ အဆင့်ဆင့်ရောင်းစားခံရခြင်းများ စသည့်လူကုန်ကူးခံရမှု အမျိုးမျိုးဖြင့် မြန်မာနိုင်ငံမှ အမျိုးသီးများ ကြုံတွေ့နေရသည်ဟု အမျိုးသမီးအရေး လုပ်ရှားဆောင်ရွက်နေသူများက ပြောသည်။

မစ္စရန်ဟီးလီ၏ ထိုင်းနှင့် မလေးရှားနိုင်ငံတို့က ရရှိခဲ့သည့် သတင်းအချက်အလက်များ ပါဝင်သည့် အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံအတွင်းက လူကုန်ကူးမှုအခြေအနေများ၊ လူ့အခွင့် အရေးချိုးဖောက်ခံနေ ရမှုများ၊ မြေယာကိစ္စ၊ မလေးရှားရောက် မြန်မာဒုက္ခသည်များအကြောင်း၊ စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးကာ နယ် နှင်ဒဏ်ပေးခံလိုက်ရသည့် ရခိုင်လူငယ်များအရေး၊ အပစ်ရပ်ကိစ္စများကို ထည့်သွင်း ထုတ်ပြန်ထားသည်။