မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေကြောင့် လယ်သမားများ ဒုက္ခပိုတွေ့လာရဟု ယန်ဟီးလီပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၂ ရက်။

မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို အသုံးပြု၍ ကုမ္ပဏီများက ဒေသအတွင်းရှိ တောင်သူများ၊ ဒေသခံများကို ၎င်းတို့၏ မြေယာများပေါ်မှ နှင်ထုတ်နေသည့် အခြေအနေများ ပိုမိုများလာနေသည်ဟု လူ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောဆိုလိုက်သည်။

“တချိန်တည်းမှာပဲ ကျမနားလည်တာက နက်နက်ရှိုင်းရှိုင်း ပြဿနာဖြစ်နေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ကုမ္ပဏီတွေကသုံးပြီး လူတွေကို သူတို့ မြေယာတွေကနေ ဖယ်ရှားတဲ့ ဖြစ်ရပ်တွေက မတ်လက ဥပဒေ ပြင်ဆင်ချက်ထွက် လာတဲ့နောက်မှာ ပိုများလာနေတယ်။ အဲဒီဥပဒေအောက်မှာ တရားစွဲခံရတဲ့ လူတွေက သူတို့မြေယာတွေပေါ်ကနေ ဖယ်ရှားခံရမယ့် အနေအထားတင်မကဘူး။ ကာလရှည်ကြာပြီး ယိုင်နဲ့နေတဲ့ ဥပဒေလုပ်ငန်းစဉ်တွေကို ရင်ဆိုင်ရမယ့် ခြိမ်းခြောက်မှုကို ခံနေကြရတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စရန်ဟီးလီ က ပြောသည်။

ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ မလေးရှားနိုင်ငံရှိ ဒုက္ခသည်များနှင့် တွေ့ဆုံပြီးနောက် ဇူလိုင်လ (၁၈) ရက်နေ့က ထုတ်ပြန်လိုက်သည့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

မြေယာ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်၊ အသုံးပြုခွင့်များ၊ တိုင်းရင်းသားဒေသများအလိုက် ရိုးရာဓလေ့နှင့် ကိုက်ညီသည့် မြေယာမူဝါဒများ ပြင်ဆင်ရေးဆွဲနေကြသော်လည်း တိုးတက်မှု မရှိသေးဘူးဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ထောက်ပြထားသည်။

“ကျမနဲ့ စကားပြောခဲ့ရတဲ့သူတွေ ပြောပြတာက သိပ်ပြီးလိုအပ်နေတဲ့ အမျိုးသား မြေယာအသုံးပြုမှု မူဝါဒနဲ့ ကိုက်ညီတဲ့ အမျိုးသား မြေယာ ဥပဒေ ရေးဆွဲမှုဟာ တိုးတက်မှု ရှိမလာသေးပါဘူး။ မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် မြန်မာနိုင်ငံတလွှား သန်းနဲ့ချီတဲ့လူတွေ မြေယာမလုံခြုံမှုကို တွေ့ကြုံရခြင်းဟာ နိုင်ငံအဝှမ်း ဆင်းရဲမှု စက်ဝန်းကို ပိုမိုနက်ရှိုင်းစေမှာဖြစ်တယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေသည် အားနည်းချက်များစွာရှိနေပြီး အဆိုပါ ဥပဒေကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့်၊ ပိုင်ဆိုင်သည့် မြေယာများ ဆုံးရှုံးရမည့် အနေအထားများနှင့် ကြုံနေရသည် မြေယာအရေးလုပ်ဆောင်နေသူများကလည်း ထောက်ပြထားကြသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ရာဧပရားကျေးရွာအုပ်စု၊ ခိုးဘာကျေးရွာတွင် တစ်နေရာ၊ မိုဆိုကျေးရွာ အုပ်စု၊ မိုသီဒိုကျေးရွာတွင် တစ်နေရာ၊ မြို့မကျေးရွာအုပ်စု လောဂျာကျေးရွာတွင် တစ်နေရာ မြေလွတ် မြေလပ် နှင့် မြေရိုင်း ဥပဒေအရ လုပ်ပိုင်ခွင့် လျှောက်ထားမှုများ ရှိနေသည်ဟု ဒေသခံများနှင့် ဒေသအတွင်းရှိ မြေယာ အရေး လုပ်ဆောင်နေသူများက ပြောပါသည်။
ကယားပြည်နယ်အတွင်း မြေလွတ် မြေလပ်နှင့် မြေရိုင်းများ မရှိဘူးဟု ကရင်နီပြည် တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က ပြောသည်။

“ဒီဥပဒေက တိုင်းရင်းသားတွေနဲ့ လုံးဝမကိုက်ညီဘူးဆိုပြီး တစိုက်မတ်မတ်ထောက်ပြခဲ့တယ်။ ဒီထောက်ပြခဲ့အပေါ် အစိုးရက မလေးစားဘူး။ ဒီဥပဒေကြောင့် ဌာနေတိုင်းရင်းသားတွေ အများဆုံးခံနေရတယ်။ ကျနော်တို့ ဒေသမှာ မြေလွတ်လည်းမရှိဘူး။ မြေလပ် မြေရိုင်းလည်း မရှိဘူး။ ကျနော်တို့ ဒေသမှာ ရွှေ့ပြောင်းပြီး စိုက်ပျိုးတဲ့ တောင်ယာတော့ရှိတယ်။ ဘိုးဘွားစဉ်ဆက်ထွန်ယက်စိုက်ပျိုးတဲ့ မြေတွေရှိတယ်။ တချို့ နေရာတွေက ထွန်ယက် စိုက်ပျိုးတာလုပ်ပေးမယ့် ဓလေ့အရ ကျေးရွာပိုင်တောတွေ၊ တောင်တွေ၊ ရိုးရာ ဓလေ့အရ အရေးကြီးတဲ့ မြေယာတွေရှိတယ်။ ဒါကြောင့် အခုဥပဒေက စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်” ဟု ပြောသည်။

၂၀၁၈ ခုနှစ်က ပြဌာန်းလိုက်သည့် အဆိုပါ ဥပဒေသည် ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှု အစဉ်အလားများကိုလည်း ပပျောက်စေမည့် ဥပဒေဖြစ်သည့်အတွက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းနှင့် တနင်္သာရီတိုင်းဒေသ ကြီးရှိ ဒေသခံ တိုင်းရင်းသားများက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်၍ ဒီကနေ့ အချိန်ထိ ဆက်တိုက် ကန့်ကွက်ခဲ့ကြသည်။ အဆိုပါဥပဒေကို ဖျက်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။

မြေယာအရေးလုပ်ဆောင်နေသည့် ကူကီးလူငယ်ကွန်ရက် ကိုဆေးဂင် က “ဒီဥပဒေက အကန့်အသက်တွေပါ တယ်။ ၆ လအတွင်း လျှောက်ရမယ်တို့၊ ဘယ်နှစ်ဧကတို့၊ ဒါတွေက တောင်သူတွေအတွက် အခက်အခဲဖြစ်စေတယ်။ ကျနော်တို့မှာက ဓလေ့ထုံးတမ်းမြေယာ ပိုင်ဆိုင်ခွင့် အစဉ်အလာတွေက ဘိုးဘွားစဉ်ဆက် ရှိလာတယ်။ မြေယာတွေက ရွာပိုင်၊ ဘုံပိုင်ရှိတယ်။ ဓလေ့ထုံး တမ်းအရ အရေးကြီးတဲ့ မြေယာတွေရှိတယ်။ မြေလွတ်တို့ မြေရိုင်းတို့မရှိဘူး။ အခုက ဒီဥပဒေကြောင့် ဘိုးဘွားပိုင်မြေတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါ့ကြောင့် ဖျက်သိမ်း ပေးဖို့ တောင်းဆိုနေရတာပါ” ဟု ပြောသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေ ပုဒ်မ ၃၀ (က) တွင် တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့်အညီ တောင်ယာ လုပ်ပိုင်ခွင့် ပေးအပ်ထားတဲ့မြေများ၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ အရ သတ်မှတ်ထားသည့်မြေများ၊ အများပြည်သူနှင့် တိုင်းရင်းသားများ၏ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့အတွက် လက်ရှိ အသုံးပြုနေသည့်မြေများကို မြေလွတ် မြေလပ် မြေရိုင်းများအနေဖြင့် မသတ်မှတ်ကြောင်း ပါရှိသည်။

တင်္နသာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းရှိ ဒေသခံ ရေလုပ်သားများ အားကိုးအားထားရသည့် ကျွန်းတချို့နှင့် ကမ်းခြေတစ်ခုအား ကုမ္ပဏီအချို့က ဟိုတယ်နှင့် အပန်းဖြေစခန်းဆောက်လုပ်ရန် မြေလွတ် မြေလပ်နှင့် မြေရိုင်းဥပဒေအရ လျှောက်ထားခွင့်များရှိနေသည့်အပေါ် ဒေသခံများ၊ ဒေသအတွင်းက ပါတီအချို့နှင့် အရပ်ဘက် အဖွဲ့အစည်းများက စိုးရိမ်လျှက်ရှိသည်ဟု ပြောသည်။

ထားဝယ်တိုင်းရင်းသားများပါတီ ဒု-ဥက္ကဌ ဦးမောင်မောင်အေး က “ဒီဥပဒေနဲ့ အခုက သူလျှောက်ငါလျှောက်နဲ့ မြေလွတ်မရှိတော့ဘူး။ ကမ်းခြေတွေ၊ ကျွန်းတွေပါ ပါကုန်ပြီ။ အဲ့ဥပဒေထဲမှာ ဘယ်နေရာဖြစ်ဖြစ် မြေလွတ်ဆိုပြီး ဖော်ပြပြီးလျှောက်ရင် ချပေးမယ့်အနေအထားရှိတယ်။ ဒါတွေက ကျနော်တို့ ရိုးရာအရ မြေလွတ်မဟုတ်ဘူး။ ကျနော်တို့ မှီခိုအားထားနေရတဲ့ နေရာတွေ၊ အခုတောင် ကျနော်တို့ ရေလုပ်သားတွေကို မောင်းထုတ်တယ်လေ။ ဒီနေရာမှာ ငါးဖမ်းခွင့်မရှိဘူးတဲ့။ ပိုင်ဆိုင်ခွင့်တောင် မရသေးဘူး။ ဒါကဥပဒေရဲ့ အားနည်းချက်ကြောင့် ဒီလိုဖြစ်ရတာ” ဟု ပြောသည်။

ထို့ကြောင့် မြန်မာအစိုးရအနေဖြင့် ဓလေ့ထုံးတမ်းနှင့် ရိုးရာအစဉ်အလာ မြေယာအသုံးပြုမှုကို အမှန်တကယ် အသိအမှတ်ပြုသည့် အမျိုးသားမြေယာဥပဒေကို လက်ခံကျင့်သုံးရန် မစ္စရန်ဟီးလီ ၏ ထုတ်ပြန်ချက်ထဲတွင် ထောက်ပြတောင်းဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံအတွင်းက မြေယာပြဿနာ၊ လူကုန်ကူးမှုအခြေအနေ၊ လူ့အခွင့် အရေးချိုးဖောက်ခံနေရမှုများ၊ မလေးရှားရောက် မြန်မာဒုက္ခသည်များအကြောင်း၊ စင်္ကာပူနိုင်ငံတွင် ဖမ်းဆီးကာ နယ်နှင်ဒဏ်ပေးခံလိုက်ရသည့် ရခိုင်လူငယ်များအရေး၊ NCA ကိစ္စများကို ထည့်သွင်း ထုတ်ပြန်ထားသည်။