ရခိုင်တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၆၃ ဦးရှိပြီဟု အရပ်ဘက်အဖွဲ့အစည်းတစ်ခုကဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြား အပြစ်မဲ့အရပ်သားပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးမျိုးနှင့် ကြုံနေရပြီး အသက်သေဆုံးသူ ၆၃ ဦး ရှိသွားပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (Rakhine Ethnic Congress) က ပြောသည်။
ဤစာရင်းမှာ ရခိုင်တိုင်းရင်းသားများ၏ စာရင်းသားဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ပြောသည်။
အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “မြောက်ဦးက တစ်ယောက်ထပ်ပြီး ဆုံးသွားတာနဲ့ဆိုရင်တော့ အခု ၆၃ ယောက်ရှိသွားပြီ။ ရခိုင်တိုက်ပွဲတွေကြား အပြစ်မဲ့ ပြည်သူတွေသေဆုံးတာ” ဟုပြောသည်။
၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးပဋိပက္ခများအတွင်း ရခိုင်နှင့်ရခိုင်မျိုးနွယ်စု အရပ်သားပြည်သူ ၆၃ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၀ ကျော်ပြီဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး၏ စာရင်းအရသိရသည်။
“ကျနော်တို့စာရင်းအရ သေဆုံးသူ ၆၃ ဦးရှိပြီ။ တချို့စာရင်းတွေကတော့ ၇၀ ကျော်တယ်ပေါ့နော်။ ဒါကလည်း ကျနော်တို့အဖွဲ့က စာရင်းလုပ်နိုင်တာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေရဲ့ စာရင်းပဲလုပ်နိုင်တာပါ။ တခြားမွတ်ဆလင်တွေရဲ့ အသိုင်းအဝန်းက စာရင်းက မလုပ်နိုင်လို့ပါ။ အဲ့ဒီစာရင်းတွေကပါမနေဘူး။ ကျနော်တို့အသိုင်းအဝိုင်းကလွှဲရင် တခြားအသိုင်းအဝန်းကိုတော့ အချက်အလက်မယူနိုင်သေးပါဘူးဗျ။”
ဇူလိုင်လ ၂၄ ရက်နေ့က သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ်အတွင်းရှိ တောင်မြင့်ကျေးရွာမှ ဦးခေါင်းကျည်ဆံထိမှန်ခဲ့သည့် ဒေသခံရွာသားတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကိုဘိုသန်းထွန်းက ဒီနေ့ပဲဆုံးသွားတာပါ။ ကျည်ကခေါင်းမှာထိထားတော့ ဒီနေ့မနက်ပဲဆုံးသွားတာ။ အခုမြောက်ဦးဆေးရုံက ရင်ခွဲရုံမှာပဲရှိသေးတယ်။ အခြေအနေမကောင်းလို့ စစ်တွေဆေးရုံပို့မလို့လုပ်တုန်း သေသွားတာပါ။ မိသားစုဝင်တွေကတော့ ဘယ်စိတ်ကောင်းမလဲ၊ မနက်ဖြန်ပဲသဂြိုလ်မှာပါ” ဟု မြောက်ဦး ဒေသခံတစ်ဦးက ယမန်နေ့က ပြောသည်။
သေဆုံးသွားသူမှာ တောင်မြင့်ကျေးရွာမှ အသက် (၂၂) အရွယ် မောင်ဘိုသန်းထွန်းဖြစ်သည်။ ဇူလိုင်လ (၂၃) ရက်နေ့က မောင်ဘိုသန်းထွန်းနှင့်အတူ ၎င်း၏မိသားစုဝင် ဒေသခံရွာသားလေးဦးသည် တောင်မြင့်ကျေးရွာမှ ကြာကံကျေးရွာသို့ စက်လှေဖြင့်သွားစဉ်၊ တိမ်ညိုကျေးရွာနာအရောက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မိသားစုဝင်များ၊ ဒေသခံများ၏ ပြောပြချက်အရအနီးရှိ တပ်မတော်စခန်းအတွင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။ သို့သော်လည်း အဆိုပါပြောဆိုချက်နှင့်ပတ်သက်၍ တပ်မတော်မှတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးလို အတည်ပြုချက်ရယူရေး ဆက်သွယ်မေးမြန်းရာတွင်လည်း ယနေ့အချိန်ထိ ဆက်သွယ်၍မရပေ။
ဒေသခံပြည်သူများသည် ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရခြင်း၊ နေရပ်မှစွန့်ခွာထွက်ပြေးနေရခြင်း၊ မြေ မြှုပ်မိုင်းနင်းမိခြင်း၊ တိုက်ပွဲများအကြား သေနတ်များ၊ လက်နက်ကြီးကျည်များထိမှန်ပြီး အသက်ဆုံးရှုံးရခြင်း၊ စစ်ကြောရေးများအတွင်း အသက်ဆုံးရှုံးရခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ညှင်းပမ်းနှိပ်စက်ခံရခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခံနေရခြင်း၊ ပျောက်ဆုံးနေခြင်းများ စသည့်လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် မြေပုံ မြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိပြီး ဒေသခံပြည်သူ ၅ သောင်း ခွဲခန့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များ၊ စာရင်းများအရသိရသည်။