ဖားကန့်ရွှေ့ပြောင်းအလုပ်သမားများအား မြေလွတ်မြေလပ်များတွင် နေရာချထားရေး အစီအစဉ်ကို ပြန်လည်သုံးသပ်ရန် KNC တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်။

ဖားကန့်ဒေသမှ ရွှေ့ပြောင်းအလုပ်သမားများကို မြေလွတ်မြေရိုင်းများတွင် နေရာချထားရန် အစိုးရ၏ အစီအစဉ်ကို ပြန်လည် သုံးသပ်ပေးရန် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) က တောင်းဆိုထားသည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC မှ အထွေထွေအတွင်းရေးမှူး ဦးဇယ်ဇောင်းက“အလုပ်သမားရွှေ့ပြေပာင်းရေးကိစ္စ နေရာချထားရေးစီမံကိန်း ဒါနဲ့တစ်ဆက်တည်းမှ ကချင်ပြည်နယ် မြေလွတ် မြေရိုင်း ဥပဒေ ပိုပြီးမှ ကောင်းမွန်လာအောင် အခုလုပ်ဆောင်နေတဲ့ အခန်းကဏ္ဍထက်ပိုပြီးမှ ပြည်သူလူထုနဲ့ သဟဇာတဖြစ်လာနိုင်ဖို့ အကျိုးတစ်ခုသက်ရောက်လာဖို့ ကျနော်တို့ ဆွေးနွေးသွားဖို့ စီစဉ်ထားတာရှိတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ရှိ တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးလိုကြောင်း တောင်းဆိုထားသည်ဟု သူကပြောသည်။

“အခုကျနော်တို့ စာတင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှ ဒါကချင်ပြည်နယ် အစိုးရနဲ့ ကျနော်တို့ KNC ပါတီ တွေ့ဆုံမယ့် ကိစ္စက အဓိကက တစ်သျှူးငှက်ပျောပေါ့၊” ဟုပြောသည်။

အထက်ပါအကြောင်းအရာများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန်အတွက် ဇူလိုင်လ ၂၄ ရက်(ယမန်နေ့) က ကချင်ပြည်နယ် အစိုးရထံသို့ စာပေးပို့တောင်းဆိုထားသည်ဟု KNC ပါတီကပြောသည်။

သို့သော် ကချင်ပြည်နယ် အစိုးရဖက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးဟု သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးဌာန ရုံးတွင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း အစည်းအဝေးတွင် မြေလွတ် မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေအရ မြေလွတ် မြေလပ် မြေရိုင်းများတွင် အခြေချနေထိုင်ရေးဟူသော စီမံချက်ဆွေးနွေးမှု ပါဝင်နေသည်ကို အထူးသတိထားဆောင်ရွက်ရန်နှင့် ပြန်လည်သုံးသပ်ပေးပါရန် တောင်းဆိုသည်ဟု KNC ပါတီ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ရွှေ့ ပြောင်းအလုပ်သမားများနှင့် ရေမဆေးကျောက်ရှာဖွေသူ အလုပ်သမားများမှာ ၎င်းတို့အတွက် မူလဌာနေအရပ်ဒေသများ ကိုယ်စီရှိပြီးဖြစ်ကြောင်း၊ အိမ်ထောင်စုစာရင်းများလည်း ၎င်းတို့ရပ်ရွာတွင် အများစုမှာရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် မြေယာ စီမံခန့်ခွဲခွင့်နှင့် မြေလွတ် မြေရိုင်းများတွင် အခြေချနေထိုင်ခွင့် စီမံချက်ဆိုသည့် လုပ်ငန်းစဉ်မှာ ကချင်ပြည်နယ်အတွက် နိုင်ငံရေးအရ ရှုတ်ထွေးမှုကို ဖြစ်ပေါ်စေသဖြင့် ကချင်အမျိုးသားကွန်ဂရက်မှ ကန့်ကွက်ပါသည်ဟု မေလ ၂၂ ရက်နေ့က KNC ပါတီ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

“ဒီအခြေအနေက ကောင်းတဲ့အခြေအနေ မဟုတ်ဘူးပေါ့ လောလောဆယ် ကျနော်တို့မြေလွတ်မြေလတ်ရိုင်း ဥပဒေကလည်း ခိုင်ခိုင်မာမာ မရှိသေးတဲ့ အခါကျတော့ ဒါဟာပိုပြီးမှ ပဋိပက္ခဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်။ အခုနှစ်ပတ်သုံးပတ်က ဖားကန့်မှာလည်း အစိုးရကဒီဥစ္စာကိ ကွင်းဆင်းပြီးမှ လာလုပ်ဖို့ရှိတယ်ဆိုတာ ကျနော်တို့သတင်းကြားထားတာပေါ့နော မြေပြင်အခြေအနေက” ဟု ဦးဇယ်ဇောင်းက ပြောသည်။

ကချင်ပြည်နယ်ရှိ မြေနေရာများသည် များသောအားဖြင့် ဒေသခံဌာနေတိုင်းရင်းသားများ၏ ဘိုးဘွားပိုင်မြေများအပြင် ထုံးတမ်းဓလေအရ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်စားသောက်နေရသည့် မြေယာများဖြစ်သည့်အတွက် ယခုကဲ့သို့ မြေလွတ် မြေလတ် မြေရိုင်း ဥပဒေကို အသုံးပြုကာ လုပ်ဆောင်လာခြင်းသည် ဒေသခံများကို အခက်အခဲဖြစ်စေရုံသာမက ပြဿနာများကိုလည်းဖြစ်ပေါ်လာစေသည် ဟု KNC ပါတီက ပြောသည်။

တစ်ဖက်တွင်လည်း မြေလွတ် မြေလပ်နှင့် မြေရိုင်း ဥပဒေကို ကိုင်ဆွဲပြီး တရုတ်တစ်သျှူး ငှက်ပျောစိုက်ပျိုးသည့် လုပ်ကွက်များ လျှောက်ထားမှုများလည်းရှိသည်ဟု ဦးဇယ်ဇောင်းက ပြောသည်။

“ဒီမြေလွတ်မြေလတ်မြေရိုင်း ကိစ္စနဲ့ ပတ်သက်ပြီးမှ ဒီတစ်သျှူးငှက်ပျောက ဝိုင်းမော် ဗန်းမော်ဖက်မှာ ပိုများတာပေါ့ လက်ရှိတစ်ခုက မြေလွတ်မြေလတ်မြေရိုင်းကိစ္စ ဥပဒေကကောင်းကောင်းလည်း ခိုင်ခိုင်မာမာမရှိသေးတဲ့အချိန်မှာ ဒီတစ်သျှူးငှက်ပျော် လုပ်လိုက်ခြင်းအားဖြင့်လည်း ကျနော်တို့ ပြည်သူလူထုအပေါ်မှာပေါ့ နောက်ဆက်တွဲ ပြဿနာတွေက အများကြီးရှိလာနိုင်တယ်။”

တရားဝင်မဟုတ်ပဲ လျှောက်ထားဆဲဖြင့် စိုက်ပျိုးလုပ်ကိုင်နေသည့် ကုမ္ပဏီများလည်း ရှိနေသည်ဟုဆိုသည်။

“ကျနော်တို့ ဒီမြစ်ကြီးနားအရှေ့ခြမ်းပေါ့ ဗန်းမော် ဝိုင်းမော် ဒီဖက်ကျတော့ အားလုံးသိတဲ့အတိုင်းပဲ တစ်သျှူးငှက်ပျောက အင်မတန်မှ များပြားလာတာကိုတွေ့တယ်။ ကျနော်တို့ ကြားရသလောက်ကတော့ ဒီတစ်သျှူးငှက်ပျောက တရားဝင်ကုမ္ပဏီကျတာတော့ တစ်ခုနှစ်ခုရှိတယ်လို့ပဲကြားတယ်။ များသောအားဖြင့်တော့ တရားမဝင်ပေါ့ လျှောက်ထားဆဲနဲ့ ဒါမျိုးလုပ်နေတာက အများကြီးရှိတယ်။”

တရုတ်တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်ဆီးမှုများရှိလာခြင်း ဒေသခံများသောက်သုံးနေသည့် ရေအရင်း အမြစ်ဆုံးရှုံးခြင်းအပြင် မွေးမြူထားသည့် ကျွဲနွားများမှာ ပိုးသတ်ဆေးကြောင့် သေဆုံးမှုများရှိသည်ဟု သိရသည်။

ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် မြေလွတ် မြေလတ်နှင့် မြေရိုင်း ဥပဒေမှတစ်ဆင့် စတင်လာသည့် ကိစ္စရပ်များသည် ကချင်ပြည်နယ် တစ်ခုတည်းတွင် မဟုတ်ပဲ ဒေသတော်တော် များများတွင် ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတဝန်းရှိ ပြည်သူများအားလုံး ဝိုင်းဝန်းအဖြေရှာကြရန်လိုသည်ဟု KNC ပါတီက ပြောသည်။