ထိန်းသိမ်းခံ ပလက်၀ ချင်း ရွာသားများ အိမ်ပြန်ရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်။
ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကင်းတလင်း ကျေးရွာက ရွာသားများ အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖများထံ ပြန်ရောက်လာပြီဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (KACC) က ပြောသည်။
“အုန်းသီးဝက ရပ်မိရပ်ဖဆီကို ပို့လိုက်တယ်ဆိုတာတော့ သေချာပြီ။ သူကနယ်စပ်ရွာဆိုတော့ ဖုန်းအဆက်အသွယ်ခက်တယ်။ အပ်ပြီဆိုတာတော့ သေချာပြီ။ လူဦးရေအတိအကျတော့ မသိရသေးဘူး။ သူတို့က အခုလမ်းမှာလုံခြုံရေးကောင်းရင် ဒီတစ်ရက်နှစ်ရက်အတွင်း မြို့ပေါ်ကို မြို့ဘက်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းကို လာဖို့အကြောင်းကြားလာတာရှိတယ်။ အဲ့ချိန်မှ အတိအကျသိရမယ်” ဟု KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။
ကင်းတလင်းရွာသားများအား အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖများထံ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၉ နာရီ ခွဲ အချိန်ခန့်တွင် အပ်နှံထားခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
သို့သော်လည်း မည်မျှပြန်လည်လွှတ်လာကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးနှင့် အခြားအခြေအနေ အသေးစိတ်များကို အတည်ပြုချက်ရယူရန် ဆက်သွယ်ရေး အခြေအနေများကြောင့် ခက်ခဲနေသည်ဟု KACC က ပြောသည်။
KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက “ပထမဖမ်းသွားတုန်းက ၅၄ ယောက်၊ နှစ်ယောက် ထွက်ပြေးလာတယ်၊ အဲ့ဒီနောက်ပိုင်း အိမ်ထောင်စု ၃ စု က လူ ၁၂ ယောက်ထပ်ပြီး ထွက်ပြေးလာတယ်။ ဆိုတော့ ၁၄ ယောက် ထွက်ပြေးလာပြီပေါ့။ ၄၀ ယောက်က ကျန်သေးတယ်။ အဲ့ဒီ ကျန်တဲ့ ၄၀ ယောက်ကိုပို့တယ်ဆိုတာ ဟုတ်ပါတယ်တဲ့။ လူဦးရေ အတိအကျတော့ မပြောဘူး။ ဘယ်လောက်ပြန်ရောက်တယ်ဆိုတာတော့ အတိအကျမသိဘူး”ဟု ပြောသည်။
အဆိုပါ ကင်းတလင်းရွာသားများမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က (AA) က ခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်ပြီး ၁၄ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် (AA) နေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းမဟုတ်ပဲ ကင်းတလင်းကျေးရွာသားများ၏ အကူအညီတောင်းခံမှုကြောင့် လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်အပြည့်ဖြင့် ကူညီကယ်ဆယ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဇူလိုင်လ ၃၁ ရက်နေ့ထုတ် အဆိုပါထုတ်ပြန်ကြေငြာထဲတွင် ရေးသားထားသည်။
ထို့အပြင် ၎င်းတို့အား လုံခြုံစိတ်ချရသည့် နေရာတစ်ခုတွင် ယာယီနေရာချပေးထားခဲ့သည်ဟုလည်း ဆိုသည်။
(၅)လအကြာ ကူညီထောက်ပံ့ပေးခဲ့သော်လည်း ယခုကဲ့သို့သော မိုးတွင်းကာလတွင် ရွာသားများအတွက် နေ ရေးထိုင်ရေး အခက်အခဲရှိသည်ဟု ပြောဆိုလာသောကြောင့် ယခုကဲ့သို့ ကောင်းမွန်စွာအပ်နှံခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။
ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ဒေသအတွင်းက တိုက်ပွဲများ၊ စစ်ရေးပဋိက္ခများအတွင်း ထိန်းသိမ်းခဲ့သောသူများထဲမှ စစ်ဖက်ရေးရာနှင့် မသက်ဆိုင်သည့် သူများကိုလည်း သင့်တော်ပြီးလုံခြုံစိတ်ချရသော၊ အန္တရာယ်ကင်းသော အခြေအနေတစ်ခုတွင် အမြန်ဆုံး ပြန်လည်လွှတ်ပေးသွားမည်ဟုလည်း ထုတ်ပြန် ချက်ထဲတွင်တွေ့ရသည်။
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လုှုပ်ရှားသူများက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများအတွင်းတွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု ဆိုသည်။