မွန်နှင့် ကရင် နယ်မြေဖွံ့ဖြိုးရေး နိပွန်ဖောင်ဒေးရှင်းကူမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဂျပန်အခြေစိုက် နိပွန်ဖောင်ဒေးရှင်းမှ အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ခန့် အကုန်ကျခံ ထောက်ပံ့ပေးမည်ဟု မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“အဓိက ဂျပန်အစိုးရနဲ့ နိပွန်ဖောင်ဒေးရှင်းတို့ကနေ အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ဝန်းကျင်ခန့် ကျခံပြီးတော့ မွန်၊ ကရင်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ လူနေအိမ်ဆောက်ပေးတာတို့၊ ဆေးပေးခန်းဆောက်ပေးတာတို့၊ စာသင်ကျောင်းဆောင်၊ ကျေးရွာတွေမှာ ဆိုလာမီးတပ်ပေးတာတို့ အဲဒါတွေ ကူညီထောက်ပံ့ပေးမယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

ဂျပန်အစိုးရနှင့် နိပွန်ဖောင်ဒေးရှင်းတို့မှ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲတွင် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာတော့ ရေးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာခန့်တွင် လူနေအိမ်ခြေ အလုံး ၃၃၀နှင့် ရွာ ၂ ရွာတွင် ဆေးပေးခန်း ၂ လုံးဆောက်ပေးခြင်း၊ မွန်အမျိုးသားကျောင်းဆောင် ၆ ဆောင် တည်ဆောက်ပေးခြင်း၊ ဆိုလာမီး အစုံ ၂၃၁၃ စုံကို ရွာ ၂၀ ခန့်တို့တွင် တပ်ဆင်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးသုံး စက်ယန္တရား ၃ စီးတို့ကို ထောက်ပံ့ပေးရန် မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်သစ်ပါတီနှင့် နိပွန်ဖောင်ဒေးရှင်းတို့အကြား အကြမ်းဖျင်း သဘောတူထားသည်ဟု ဦးမြင့်သန်းဝင်း က ပြောသည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောက်ရွက်နိုင်ရန်နှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လုပ်ထုံးလုပ်နည်း ဥပဒေ မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်သစ်ပါတီနှင့် နိပွန်ဖောင်ဒေးရှင်းတို့ ဇူလိုင်လ ၃၁ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံညှိနှိုင်းမှု လုပ်ဆောင်ခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းမှ ဆောက်ပေးမည့် အိမ်၊ ဆေးခန်း၊ စာသင်ကျောင်းများသည် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နှင့် နီးစပ်သည့် ကျေးရွာများတွင် တည်ဆောက်မည်ဖြစ်ပြီး အထူးသဖြင့် လူနေအိမ်များသည် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များအတွက်ဖြစ်သည် ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

“ကျနော်တို့အဖွဲ့ NCA ထိုပြီးကတည်း ကျနော်တို့လုပ်လိုတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တင်ခဲ့တယ်၊ အဲဒီအတွက်ကို ပြည်နယ်အစိုးရ ကျနော်တို့အဖွဲ့နဲ့ နိပွန်ဖောင်ဒေးရှင်း အားလုံးသဘောတူမှပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်” ဟု နိုင်ဟံသာဗွန်ခိုင် က ပြောသည်။

မွန်ပြည်သစ်ပါတီနယ်မြေအတွင်း နိပွန်ဖောင်ဒေးရှင်က ဖော်ဆောင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ် ဧပြီလ အတွင်းအပြီး ဆောင်ရွက်ရန် အကြမ်းဖျင်းလျာထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီကို ထောက်ပံ့ပေးမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအနက်မှ ဖွံ့ဖြိုးရေးသုံး စက်ယန္တရားများကိုတော့ ဧပြီလက ရေးမြို့နယ်အတွင်းရှိ ပုဖ္ဖဝတီ ကိုရင်လေးကျောင်းတွင် အခမ်းအနား ပြုလုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် မြန်မာအစိုးရ၏ ခွင့်ပြုချက်အရ ဂျပန်နိုင်ငံ နီပွန်ဖော်ဒေးရှင်းက ကရင်ပြည်နယ် မြဝတီခရိုင်ရှိ လေးကေကော်မြို့သစ်တွင် အိမ်အလုံး (၂၀၀) နှင့် ပဟိကလောကျေးရွာတွင် အိမ်အလုံးရေ (၁၀၀) တို့ကို ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ် ဆောက်လုပ်ပေးခဲ့သည်။