ကချင်ခေါင်းဆောင်များနှင့် တရုတ်ကိုယ်စားလှယ်များ တွေ့ဆုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂ ရက်။
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ရေးတို့ကို ပူးပေါင်းလုပ်ဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ မူးယစ်ဆေးဝါးဌာနမှ အတွင်းရေးမှူး မစ္စတာ ဟိုပေါက်ချို တို့ KIO ဌာနချုပ် လိုင်ဇာတွင် သြဂုတ်လ ၁ ရက်နေ့ (ယမန်နေ့)က တွေ့ဆုံခဲ့ကြသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပြောသည်။
“နံပါတ်တစ် အချက်ကတော့ မိတ်ဆွေတွေပေါ့ မိတ်ဟောင်းဆွေဟောင်းတွေဆိုတော့ မိတ်ဆွေအနေနဲ့ လာကြည့်ရှုသွားတာပါ။ ဒါနံပါတ်တစ်ပေါ့နော်။ နံပါတ် နှစ်ကတော့ မူးယစ်ဆေးဝါး အကြောင်းတွေ ဆွေးနွေးတာပေါ့။ မူးယစ်ဆေးဝါးဆိုတာ ဒီနယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး ကင်းစင်ဖို့အတွက်ကို ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ အကြောင်းတွေ ဆွေးနွေးသွားတာရှိပါတယ်” ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
ထို့အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားမှု မရှိအောင် ထိန်းသိမ်းလုပ်ဆောင်ရန် နှစ်ဖက်ခေါင်းဆောင်များ က ဆွေးနွေးခဲ့ကြသည်ဟု KIO က ပြောသည်။
“နံပါတ်သုံး အနေနဲ့ကတော့ ကျနော်တို့ ဒီနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အကြောင်းတွေပေါ့နော်။ အဲဒါတွေ ဆွေးနွေးတာပါ။ ဥပမာ တိုက်ပွဲတွေ မဖြစ်အောင် အချင်းချင်းကာကွယ်ကြဖို့ပေါ့။ ကျနော်တို့ တိုက်ပွဲမဖြစ်အောင်ပေါ့နော။ ကိုယ့်ရဲ့ တပ်တွေကို ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ အကြောင်းတွေပေါ့နော ဒါတွေပါ” ဟု ဗိုလ်မှူး ကြီးနော်ဘူက ဆက်ပြောသည်။
ဆွေးနွေးပွဲသို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်ကာ တက်ရောက်ဆွေးနွေးခဲ့သည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဆွေးနွေးဘက်များအကြား တရားဝင်သဘောတူညီမှု တစ်စုံတစ်ရာ ရယူခဲ့ခြင်းမရှိဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။
“KIO ဖက်လည်းဘာမှ ထူးထူးထွေထွေ မှတ်ချက်တွေပေးတာတွေ တစ်စုံတစ်ရာ လက်မှတ်ထိုးတာတွေ ဘာမှမရှိပါဘူး။ သူတို့လာတာကို ကြိုဆိုတာပါ။ ဝမ်းသာတာပါ အဲလောက်ပါပဲ။”
ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးခဲ့ခြင်း မရှိဟု KIO က ပြောသည်။
AA အပါအဝင် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်မြောက်နိုင်ရန် တရုတ်နိုင်ငံအနေဖြင့် အစိုးရ၊ တပ်မတာ် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြားဝင်ညှိနှိုင်းပေးမှုများရှိသည်ဟု သိရသည်။
ထို့ကြောင့် တရုတ်အထူးကိုယ်စားလှယ်များသည် နိုင်ငံတော် အစိုးရ ခေါင်းဆောင်များ၊ တပ်မတော်မှ ထိပ်ပိုင်း အရာရှိများအပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံဆွေး နွေးမှုများရှိသည်ဟု လေ့လာသူများက ဆိုသည်။