လေ့ကျင့်ရေး စခန်းသိမ်းသည့်သတင်းမဟုတ်မှန်ဟု AA ငြင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်။

ရက္ခိုင့်တပ်တော် (AA) ၏ လေ့ကျင့်ရေးစခန်းတစ်ခုအား တပ်မတော်မှ သိမ်းပိုက်ရရှိသည်ဆိုသည်မှာ မမှန်ကန်ဟု AA က ငြင်းဆိုလိုက်သည်။

“အဲ့ဒီဥစ္စာက သူတို့အနေနဲ့ ဝါဒဖြန့်တဲ့အနေနဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ ဖြန့်တာဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီရက်ပိုင်းမှာ ဗမာစစ်တပ်က အကျအဆုံးတွေများနေတဲ့အခါကြတော့ စိတ်ဓါတ်ကျနေတဲ့တပ်တွေကို စိတ်ဓါတ်ရေးရာ မြှင့်တင်ဖို့အတွက် လုပ်ကြံပြီးတော့ ဝါဒဖြန့်တာ ဖြစ်နိုင်တယ်” ဟု ရက္ခိုင့်တပ်တော် (AA) သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ခိုင်သုခက သတင်းနှင့် မီဒီယာကွန်ရက် (NMG) ကို ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြေရာတော်ကျေးရွာအနီး မီတာ ၂၀၀၀ အကွာခန့်တွင်ရှိသည့် AA အကြမ်းဖက်သောင်းကျန်သူအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သြဂုတ်လ ၅ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

အဆိုပါနေရာတွင် AA ၏ လေ့ကျင့်ရေးစခန်းမရှိဟု ရက္ခိုင့်တပ်တော် (AA) က ငြင်းဆိုလိုက်သည်။

“ကျနော်တို့သင်တန်းကျောင်းတွေ သိမ်းဆည်းရမိတယ်ဆိုတာ လုံးဝမရှိဘူးဗျ။ အဲ့ဒီနေရာမှာ အခုသူတို့ပြောတဲ့ နေရာမှာ ဘာသင်တန်းကျောင်းမှလည်း မရှိဘူး” ခိုင်သုခက ပြောသည်။

ခြေရာတော်ကျေးရွာအနီးတွင် AA ၏ လေ့ကျင့်ရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့ရာ ပစ်ကျင်း ၆ ကျင်း၊ လူနေတဲ ၃ လုံး၊ ယူနီဖောင်း၊ အရပ်ဝတ်များ၊ နှင့် အခြားသော အသုံးဆောင်ပစ္စည်းများကို သြဂုတ်လ ၂ ရက်နေ့က သိမ်းဆည်း ရမိခဲ့ ပြီး အဆိုပါ နေရာအနီးတဝိုက်တွင် စစ်ရေးလေ့ကျင့်ရန် ဝှက်ထားသော သစ်သားသေနတ် ၅၀၀ လက် အပါ အဝင် အစားအသောက်များ၊ ဆေးဝါးများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများကို သြဂုတ်လ ၃ ရက် နေ့က တကြိမ် ထပ်မံသိမ်းဆည်းရမိသည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

တပ်မတော်အနေဖြင့် နယ်မြေလုံခြုံနေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးတို့အတွက် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

ဇူလိုင်လကုန်ပိုင်းမှစတင်၍ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တော်များများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ ရက်ဆက်ဆိုသလို ဖြစ်ပွားလျှက်ရှိသည်။ ယခုရက်ပိုင်းအအတွင်း မင်းပြားမြို့နယ် နှင့် ပလက်ဝမြို့နယ်အတွင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

“ဘာဖြစ်လို့လဲဆိုရင် အရင်တုန်းက သူတို့ထိခိုက်ကျဆုံးမှုများတဲ့အခါတိုင်းမှာ အဲ့လိုဝါဒဖြန့်တဲ့ဥစ္စာတွေရှိတယ်။ ဥပမာ လွန်တဲ့ မတ်လ ဧပြီလတုန်းကလည်း မြောက်ဦးမြို့နယ်ထဲမှာ AA ရဲ့ သင်တန်းကျောင်းတစ်ခု ရရှိတယ်ဆိုပြီးလုပ်တာရှိတယ်။ နောက်ပြီးတော့လည်း မင်းပြားမြို့နယ်ထဲမှာလည်း ဒီလိုပါပဲ AA ရဲ့ သင်တန်းကျောင်းတစ်ခု သိမ်းပိုက်ရမိတယ်ဆိုပြီးတော့ လုပ်ခဲ့တာတွေရှိတယ်” ခိုင်သုခက ဆက်ပြောသည်။

တပ်မတော်အနေဖြင့် ယခုကဲ့သို့ သတင်းထုတ်ပြန်မှုမျိုး ယခုကလည်း ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့ လေ့ကျင့်ရေးစခန်းများ အဆိုပါနေရာတွင် မရှိကြောင်း ရက္ခိုင့်တပ်တော် (AA) က ငြင်းဆိုလိုက်သည်။

(AA) သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ခိုင်သုခက “ဒီထက်ပိုဆိုးတဲ့ဥစ္စာက မြန်မာစစ်တပ်က လုပ်တာက နိုင်ငံတကာ သံတမန်တွေ မြန်မာပြည်ကို လာလည်ဖို့ အချိန်နဲ့ကိုက်ပြီးတော့ သူတို့ဝါဒဖြန့်တဲ့အလုပ်ကို လုပ်နေတာရှိတယ်။ အဲ့ဒါက ဘာလဲဆိုရင် WFP တံဆိပ်ပါတဲ့ ဆန်အိတ်တွေ၊ ပစ္စည်းတွေပေါ့ အဲ့ဒီဥစ္စာတွေကို ဓါတ်ပုံ ရိုက်ပြီး ဒါ AA စခန်းကရပါတယ်ဆိုပြီး ပြတာတွေလည်း ကျနော်တို့တွေ့ခဲ့ရတယ်ပေါ့”ဟု ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းအရှေ့ဘက်ခြမ်း တောင်ကုန်းများပေါ်တွင် AA မှ သင်တန်းကျောင်းဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် လေ့ကျင့်ရေးစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော် ULA/AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ မြန်မာအမျိုးသားများ ဒီမိုကရတစ် တပ်ပေါင်းစု တပ်မတော် (MNTJP/MNDAA-ကိုးကန့်အဖွဲ့ )၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့သည် အစိုးရနှင့် အပစ်ရပ်စာချုပ်မူကြမ်း Bilateral ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျှက်ရှိသည်။