ရခိုင်တိုက်ပွဲ နှစ်ပတ်ခန့် ရက်ဆက် ပြင်းထန်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေရာ သြဂုတ်လ ၅ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် AA သတင်းပြန်ကြားရေးက ပြောသည်။

“ဒီနေ့ (သြဂုတ်လ ၅ ရက်နေ့) မှာလည်းပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတာတွေရှိတယ်။ ပလက်ဝမြို့နယ်ထဲမှာ နှမဒါရွာရဲ့ အထက်ဘက် မြစ်ချောင်းဘေးမှာ ဖြစ်နေတာရှိတယ်။ အဲ့ဒီမှာလည်းပဲ မြန်မာစစ်တပ်ကနေပြီးတော့ ဒီနေ့မနက် ၉ နာရီ ကျော်က ဖြစ်တဲ့ တိုက်ပွဲမှာ ၁၀ အထက်ကျဆုံးတာရှိတယ်။ ဒဏ်ရာရတာလည်း အများ အပြားရှိတယ်” ဟု ရက္ခိုင့်တပ်တော် AA ၏ သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

“သူတို့ဘက်ကနေပြီးတော့ တနေကုန်အလောင်းတွေကောက်ဖု့ိအတွက် ကြိုးစားနေတာရှိတယ်။ ဒီဘက်ကလည်းပစ်လိုက်၊ ဟိုဘက်ကလည်း အလောင်းကောက်ဖို့ကြိုးစားလိုက်နဲ့ တနေကုန်ထိတွေ့ တိုက်ခိုက်မှုတွေ ဖြစ်နေတာရှိတယ်။”

သြဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင်လည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု ရက္ခိုင့်တပ်တော် AA ဘက်ကပြောသည်။

ရက္ခိုင့်တပ်တော် AA ၏ သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ပလက်ဝမြို့နယ်ထဲမှာတော့ လွန်ခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကဖြစ်တာရှိတယ်၊ ၄ ရက်နေ့က ဖြစ်တာရှိတယ်။ မင်းပြားမြို့နယ်ထဲမှာလည်း သြဂုတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က ဖြစ်တာပေါ့နော်။ ပလက်ဝမြို့နယ်ထဲမှာ ဗမာစစ်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ စစ် ကြောင်းတချို့က ကျနော်တို့ကို လာပြီးတော့ ထိုးစစ်ဆင်တဲ့အတွက်ကြောင့်မို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး အပြင်းအထန်ဖြစ်ပွားနေတာ ဖြစ်တယ်”ဟု ဆက်ပြောသည်။

မင်းပြားမြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့က ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝမြို့နယ်၏ နေရာ (၄) ခု တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၁ ရက်နေ့ကလည်း ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း တပ်မတော်ဘက် အကျအဆုံးအများအပြားရှိသည်ဟု AA က ပြောသည်။

“သြဂုတ်လထဲမှ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ အဲ့ဒီမှာ တိုက်ပွဲအကြိမ်ရေက ၄ ပွဲဖြစ်တာရှိတယ်၊ ၅ ပွဲ ၆ ပွဲ ဖြစ်တာရှိတယ်။ နယ်မြေကလည်း မြို့နယ်အစုံနီးပါးဖြစ်တယ်။ ၂ ရက်နေ့က မြို့နယ် ၄၊ ၅ခုလောက်မှာ တပြိုင် တည်းဖြစ်တယ်။ တိုက်ပွဲအကြိမ်ရေက ပိုပြီးများလာတာပဲရှိတယ်။ ထိခိုက်ကျဆုံးမှုကလည်း အဲ့ထဲမှာ စံချိန်တင်လို့ပြောလို့ရတယ်။ ၅ ရက်အတွင်း ဗမာစစ်တပ်က ကျဆုံးမှုပေါင်း ၁၀၀ အထက်ရှိသွားပြီဗျ” ခိုင်သုခက ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော်လည်း ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး AA ၏ လေ့ကျင့်ရေး စခန်းတစ်ခုကိုလည်း မြန်မာ့တပ်မတော်ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများအား ဖြေကြားထားသည်။

အဆိုပါတိုက်ပွဲများကြောင့် ယခုခါ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ ရွာလုံးကျွတ် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိန်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

“အခုတချို့က မင်းပြားမြို့ ဘုန်းကြီးကျောင်းတွေကို ရောက်နေပြီ။ ရတနာမွန်ကျောင်းမှာလည်း ရှိတယ်၊ ပုညရာမ ဘုန်းကြီးကျောင်း နောက်ပြီး ဦးစိုးတင့်ရပ်ကွက်ထဲက ဘုန်းတော်ကြီးကျောင်းမှာလည်း ၅၀၀ လောက် ရှိတယ်။ တချို့တွေကလည်း အနီးအနားက လုံခြုံတဲ့ရွာတွေမှာပေါ့၊ ထွက်ပြေးနေရတာက ရွာလုံးကျွတ်ကို ထွက်ပြေးရ တာ၊ ဇူလိုင်လကုန်ပိုင်းလောက်ကတည်းကပါ၊ ထွက်ပြေးနေရတာက မရှိဘူးဆိုရင် လေးငါးခြောက်ထောင် လောက်ရှိနိုင်တယ်” ဟု မင်းပြားဒေသခံတစ်ဦး က ပြောသည်။

မင်းပြားမြို့နယ်အတွင်းက ကုလားမတောင်၊ ဒုံးသား၊ ဖုန်သာချောင်း၊ သလူချောင်း၊ ဝါးတောင်၊ မြင်းတန်၊ တောင် ပုတ်ကေ၊ ဇုံသာ၊ စိတ္တရ စရှိသည့် ကျေးရွာများမှ ဒေသခံရွာသာများ စစ်ဘေးလွှတ်ရာ ထွက်ပြေးနေကြရသည်။

စစ်ဘေးရှောင်များအတွက် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက တတ်နိုင်သလောက် ကူညီပံံ့ပိုးနေကြသော်လည်း အရေးပေါ်အကူအညီများ လိုအပ်နေဆဲဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ မောင်တော၊ မြေပုံမြို့ နယ်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၅၅၇၉၇ ဦး ရှိပြီဟု ဇူလိုင်လ ၃၀ ရက်နေ့က ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ခဲ့ရာ ယခုမင်းပြားမြို့နယ်အတွင်းက ထပ်မံထွက်ပြေးနေရသည့် စစ်ဘေးရှောင်များနှင့် ပေါင်းပါက စုစုပေါင်း ၆၀၀၀၀ ကျော်ခန့်ရှိပြီဟု ခန့်မှန်းပြောဆိုနေကြသည်။