ပလောင်ဒေသ ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြား နှစ်ရက်ဆက်တိုက် တို်က်ပွဲများဖြစ်ပွားနေသည်ဟု PSLF/TNLA က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်အတွင်းက နမ့်ကြုံကျေးရွာနှင့် တာမိုးညဲမြို့အနီးတို့တွင် သြဂုတ်လ ၅ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ PSLF/TNLA သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။
“တိုက်ပွဲကတော့ မနေ့ကလည်းဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ မနေ့ကတော့ သုံးကြိမ်ဖြစ်တယ်။ ဒီနေ့တော့ နှစ်ကြိမ်ပေါ့၊ ကျနော်တို့ နောက်ဆုံးရတဲ့ နေ့လည် ၁၂ နာရီအထိပေါ့။ ဒီနေ့က မနက် ၆ နာရီ ၂၀ လောက်ကနေ ၇ နာရီကျော်လောက်ထိ တစ်ကြိမ်၊ ၇ နာရီလောက်ကနေ ၁၀ နာရီလောက်အထိတစ်ကြိမ်ပေ့ါနော်။ ဖြစ်တဲ့နေရာက ကွတ်ခိုင်မြို့နယ်ထဲက မနေ့ကဖြစ်တဲ့နေရာနားမှာပဲဖြစ်တယ်။ နမ့်ကြုံနားမှာ တစ်ကြိမ်နဲ့ တာမိုးညဲနားမှာ တစ်ကြိမ်ပြန်ဖြစ်တယ်” ဟု ပြောသည်။
တပ်မတော်ဘက်က တပ်မ ၉၉ အပြင် ကွတ်ခိုင်-တာမိုးညဲ အခြေစိုက် တပ်မတော်စစ်ကြောင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ခြင်း ဖြစ်သည် ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
“ဖြစ်တဲ့အကြောင်းရင်းကတော့ တပ်ဘက်မေနေ့ကတည်းက ထိုးစစ်တက်လာတယ်၊ နမ့်ဟူးကနေ နောင်ချိုရွာဟောင်းဘက်မှာ တက်လာတယ်၊ ကျနော်တို့ ရှိတဲ့နေရာကို တက်လာလို့ဖြစ်တယ်။ ကျနော်တို့ မရှောင်ရင် ဒီထက်တိုက်ပွဲက ပိုပြင်းထန်နိုင်တယ်။ နေရာတိုင်းမှာဖြစ်လာနိုင်တယ်။”
ယနေ့တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ကွတ်ခိုင်-တာမိုးညဲလမ်းမပေါ်တွင် ဖြစ်ပွားခဲ့ရာ ခရီးသွားများလည်း လမ်းမပေါ်တွင် လမ်းပိတ်ခဲ့သည်ဟု သိရသည်။
ကွတ်ခိုင်က ဒေသခံတစ်ဦးက “မနက်စောပိုင်းကတည်းက တိုက်ပွဲဖြစ်နေတာလို့ပြောတယ်။ ၇ နာရီလောက်ကစပြီး လမ်းပိတ်တာ၊ ခရီးသည်တွေ တော်တော်များတယ်၊ ကားတွေလည်း တန်းစီပြီးပိတ်နေတာ။ ဒီနေ့ ညနေ ၃ နာရီ ၄ နာရီလောက်မှ လမ်းက ပြန်ပွင့်တယ်။ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေလည်း ကြားရတယ်လို့ပြောတယ်ဗျ။ ကျနော်တို့က အသေးစိတ်တော့ မသိဘူးလေနော်”ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ “တိုက်ပွဲက ဖြစ်နေတာဆိုတော့ လမ်းမပေါ်မှာက သွားလို့မရဘူး အဲ့ဒါတော့ သေချာတယ်၊ ခရီးသွားလာမှုကို လုံခြုံအတွက် အောက်ခြေက ခဏလေးတားထားတာလည်း ဖြစ်နိုင်တယ်။ ကျနော်ထင်တာပေါ့နော်။ သေချာတာက လမ်းမပေါ်မှာ တိုက်ပွဲဖြစ်နေတာ့ သွားလို့ရမှာမဟုတ်ဘူး။ တာမိုးညဲတပ်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ကူပေးနေတယ်။ ဒီပတ်ဝန်းကျင်မှာက ရွာတွေလည်းရှိတယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
သြဂုတ်လ ၄ ရက်နေ့တွင် တပ်မတော်ဘက် လားရှိုးမှ ကွတ်ခိုင်မြို့နယ်ထဲသို့ စစ်အင်အားများ ထပ်မံဖြည့်ထားသည်ဟုလည်း PSLF/TNLA က ပြောသည်။
“မနေ့ညကလည်း တက်လာတယ်၊ ဒီနေ့မနက် အစောပိုင်းလည်း တက်လာတယ်၊ လားရှိုးဘက်က စစ်ယာဉ်တန်းတွေ ကွတ်ခိုင်မြို့နယ်ထဲကို၊ စစ်အင်အားတွေထပ်တိုးလာတယ်။ ပြောမယ်ဆိုရင်တော့ တိုက်ပွဲဖြစ်တဲ့ဘက်ကို ဦးတည်တယ်လို့ပဲ ပြောလို့ရတယ်။ စစ်ရေးအခြေအနေက တော်တော်လေးပြင်းထန်လာတဲ့အနေအထားပဲ။”
ထို့အပြင် သြဂုတ်လ ၄ ရက်နေ့ (ယမန်နေ့) ကလည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မော်ဟန်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
“မနေ့ကတော့ ညနေ ၂ နာရီ ၂၅ လောက်နေ ၃ နာရီအထိတစ်ကြိမ်၊ ၃ နာရီလောက်နေ ည ၅ နာရီကျော်ကျော် လောက်ထိတစ်ကြိမ်၊ နောက် ညပိုင်း မိုးချုပ်ခါနီး ၇ နာရီလောက်မှာ တစ်ကြိမ်ပေါ့၊ သုံးကြိမ်ဖြစ်တယ်။ နောင်ချို ရွာဟောင်းပေါ့ အဲ့တစ်နေရာဖြစ်တယ်။ တာမိုးညဲနားမှာဖြစ်တယ်။”
တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည့် အရှေ့ြမောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အပစ်ရပ်ထားသော်လည်း ယခင်လှုပ်ရှားမှုပုံစံအတိုင်းသာ လှုပ်ရှားခြင်း၊ စစ်အင်အား/လူအင်အားတိုးချဲ့ ခြင်းများရှိနေသည့်အတွက် တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု PSLF/TNLA က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသလို ဆက်သွယ်မေးမြန်းရာမှာလည်း ဆက်သွယ်၍ မရပေ။
သို့သော်လည်း ဇူလိုင်လ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေသည် စည်းကမ်းဖောက်ဖျက်မှု အများဆုံးနယ်မြေဖြစ်သည့်အတွက် တိုက်ပွဲအများဆုံး ဖြစ်ပွားရခြင်းဖြစ်သည်ဟု တပ်မတော်က ပြောဆိုခဲ့သည်။
၇ လတာ အပစ်ရပ်ကာလအတွင်း TNLA နှင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲအကြိမ်ရေ ၂၅ ကြိမ်၊ TNLA အနေဖြင့် နယ်မြေကျော်လွန်လှုပ်ရှားမှု ၂၀၇ ကြိမ်၊ ဆတ်ကြေးကောက်ခံမှု ၇ ကြိမ်နှင့် လူသစ်စုဆောင်းမှု ၁၆ ကြိမ် ပြုလုပ်ခဲ့သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး က ပြောသည်။
ထာဝရငြိမ်းချမ်းရေး ရရှိစေရေး ဦးတည်လျှက် ငြိမ်းချမ်းရေး လုပ်ငန်းအဆင့်ဆင့်အား ပိုမိုထိရောက်စွာ လုပ် ဆောင်နိုင်ရန်အတွက် အရှေ့မြောက်ပိုင်းတိုင်းအပါအဝင် မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများ တွင် တပ်မတော်က တဖက်သတ် အပစ်ရပ်ကြောင်း သုံးကြိမ်ကြေငြာခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ဧပြီလ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ ဧပြီလ ၃၀ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်းတကြိမ် အပစ်ရပ်ကာလကို ထုတ်ပြန်ကြေငြာ၍ နှစ်လတာ ပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးခဲ့သည်။
တပ်မတော်၏ အဆိုပါ တဖက်သတ်အပစ်ရပ်ကာအတွင်း တအန်း(ပလောင်) တပ်(PSLF/TNLA) နှင့် တိုက်ပွဲ ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လ တို့တွင် တိုက်ပွဲဖြစ်ပွားမှုနှုန်းပိုမိုများလာသည်ဟုလည်း PSLF/TNLA က ပြောသည်။