မွန်ပြည်နယ် မိုးကြီး၊ လေပြင်းတိုက်။ လူသေဆုံးမှုနှင့် ပျက်စီးမှုများ ရှိ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူသေဆုံးမှုနှင့် နေအိမ်များအပါအဝင် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာမြို့နယ် အသီးသီးက တာဝန်ရှိသူများက ပြောသည်။

သြဂုတ်လ ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ပြည်နယ်အတွင်းရှိ သထုံ၊ မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံနှင့် ရေးမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်ခဲ့ပြီး ရေးမြို့နယ်တွင် အမျိုးသမီးတစ်ဦး သစ်ပင်ပိကာ သေဆုံးခဲ့ပြီး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်များအပါအဝင် အဆောက်အဦးများပျက်စီးခြင်းနှင့် သစ်ပင်များ၊ ဓာတ်တိုင်များလဲကျမှု ဖြစ်ပွားခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

“ရေးမှာက လေပြင်းတိုက်လို့ ကျောင်းမီးချောင်းတောင်ရွာမှာ အမျိုးသမီးတစ်ဦးသေတယ်၊ အုန်းပင်လဲကျပိမိလို့ သေသွားတယ်၊ နောက် ကုလားဂုတ်မှာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိတာရှိတယ်”ဟု ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းကပြောသည်။

ရေးမြို့ နယ်အတွင်း ဇီးဖြူတောင်၊ ကျောင်းရွာ၊ ကုလားဂုတ်၊ ကျောင်းမိချောင်းတောင်အစရှိသည့် ကျေးရွာ ၅ ရွာ ခန့်တို့တွင် မိုးသည်းထန်စွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်အချို့ ပျက်စီးမှု၊ သစ်ပင်လဲကျမှုများရှိခဲ့သည်ဟု ဦးကံဝင်း က ပြောသည်။

သထုံမြို့ နယ်တွင်လည်း လေပြင်းတိုက်ခတ်သွားသည့်အတွက် လူနေအိမ်များအပါအဝင် ရုံးအဆောက်အဦးနှင့် စာသင်ကျောင်းဆောင် ၁၂၀ ကျော် ထိခိုက်ပျက်စီးပြီး သစ်ပင်၊ ဓာတ်တိုင်လဲကျမှုများလည်း ရှိခဲ့သည်ဟု သထုံမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်က ပြောသည်။

သို့သော်လည်း အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် သထုံမြို့နယ်တွင် လူထိခိုက်သေဆုံးမှုမရှိခဲ့သည်ဟု ဒု-အုပ်ချုပ်ရေးမှူး က ဆက်ပြောသည်။

အလားတူ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာတွင်လည်း လေပြင်းကြောင့် လူနေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနေ့က (သြဂုတ် ၄) နေ့လည်လောက်မှာ လေပြင်းတိုက်သွားတယ်၊ အိမ်တချို့ အမိုးတွေလန်သွားတာတွေရှိတယ်။ တချို့အိမ်ဆို အမိုးတွေ အကုန်လန်ကုန်တယ်၊ လူတွေတော့ မထိခိုက်ပါဘူး” ဟု သဗြုချောင်ကျေးရွာက ရွာသားတစ်ဦးက ပြောသည်။

ထို့အပြင် ချောင်းဆုံတွင်လည်း လူနေအိမ် ၆၀ ကျော် ပြိုကျပျက်စီးမှုရှိကြောင်း မော်လမြိုင်နှင့် ကျိုက်မရောတို့တွင်လည်း လူနေအိမ်အချို့ အမိုးလန်ခြင်း၊ ပြိုကျခြင်း၊ သစ်ပင်လဲကျခြင်း၊ ဓာတ်တိုင်များလဲခြင်း၊ ဓာတ်ကြိုးများ ပြုတ်ကျခြင်းတို့လည်း ဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားသည့်အခြေအနေကို သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ကူညီထောက်ပံ့မှုပေးသွားရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစပြီး မိုးသည်းထန်ရွာသွန်းခဲ့သည်။ ယခုရက်ပိုင်းအတွင်း သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်းအချို့ နှင့် မော်ကမြိုင်-ရေး ကားလမ်းပိုင်းအချို့တို့တွင်လည်း ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန၏ သြဂုတ်လ (၅) ရက်နေ့ ညနေထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် မနက်ဖြန်နံနက်ပိုင်းအထိ ခန့်မှန်းချက်မှာ မိုးကြီးနိုင်ပြီး ရွာရန်ရွာနှုန်းပြည့် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။