မွန်ပြည်နယ် တောင်ပြိုမှု သေဆုံးသူ အနည်းဆုံး ၃၃ ဦး ရှိသွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တောင်ပြိုကျမှုကြောင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးခဲ့သည်။

သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းအချိန်ထိ ရှာဖွေကယ်ဆယ်မှုစာရင်းအရ တောင်ပြိုမှုကြောင့် အသက်ရှင် လျက် ၄၇ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး သံဃာတစ်ပါးအပါအဝင် သေဆုံးရုပ်အလောင်း ၃၃ လောင်း ရှာဖွေတွေ့ရှိထားသည်။

“ကားတွေလည်း ပါသွားတာရှိတယ် ဒါပေမယ့် ဘယ်နှစ်စီးပါသွားလဲဆိုတဲ့ဟာကတော့ အတိအကျ ပြောလို့မရသေးဘူး၊ လူပျောက်ဆုံး အရေအတွက်လည်း မပြောနိုင်သေးဘူး လောလောဆယ်ကတော့ ဒဏ်ရာရသူနဲ့ သေဆုံးသူစာရင်းပဲ ပြောနိုင်တယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဒု-ညွှန်ကြားရေးမှူး ဦးဇင်မင်းကိုက ပြောသည်။

081019NMG 2

တောင်ပြိုမှုကြောင့် သဲဖြူကုန်းကျေးရွာမှ လူဦးရေ ၁၆၉ ဦးခန့်ပါသွားသည်ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ သို့သော်လည်း ပါသွားသူ စုစုပေါင်း စာရင်းကိုတော့ မရသေးကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။

“အရေအတွက်ကတော့ ခန့်မှန်းလို့မရဘူး၊ dead body တွေ နောက်ထပ်လည်း တွေ့နိုင်ပါသေးတယ်၊ ဘာဖြစ်လို့မခန့်မှန်းနိုင်လဲဆိုတော့ မုတ္တမဘက်မှာ ရေကြီးနေတဲ့အတွက် ကားတွေက ဒီနား (မြေပြိုမှုဖြစ်တဲ့နေရာ) မှာ ရပ်စောင့်နေတာပေါ့နော် အဲချိန်မှာ landslide ဖြစ်ပြီးတော့မှ ကျောက်တုံးတွေ မြေကြီးတွေ လွင့်စင်ပြီးတော့မှ ကုန်ကားတစ်စီးဆိုရင် ပေ ၅၀ လောက်ထိ လွင့်စင်ပါသွားတယ်။ နောက်တခြားကားသေးတွေ အများကြီးပါသွားတဲ့အတွက် ယာဉ်ပေါ်မှာ ပါလာတဲ့လူတွေရှိတဲ့အတွက်ကြောင့် မခန့်မှန်းနိုင်သေးဘူး” ဟု ပေါင်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။

သေဆုံးမှုအရေအတွက် ထပ်မံတိုးလာနိုင်သည်ဟု ဦးဇင်မင်းကိုက ပြောသည်။ ယခုအချိန်တွင် တိတိကျကျ ပြောဖို့ခက်ခဲနေပြီး ရှာဖွေကယ်ဆယ်မှုများပေါ်မူတည်ပြီးမှ လူဦးရေ အရေအတွက်ကို ထပ်မံပြောနိုင်မည်ဟုလည်း ၎င်းကဆက်ပြောသည်။

081019NMG 3

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သဲဖြူကုန်းကျေးရွာ၌ တောင်ပြိုကျမှု ဖြစ်ပွားရာ လူနေအိမ် ၂၇ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအပြင် မုတ္တမတွင် ကားလမ်း ရေကျော်၍ လမ်းပိတ်ဆို့ထားစဉ် ရပ်နားထားသည့် ကုန်တင်ကား၊ ခရီးသည်တင်မှန်လုံကားနှင့် အိမ်စီးကားအချို့တို့အပေါ် မြေကြီးများဖုံးလွှမ်းသွားခဲ့သည်။

တောင်ပြိုမှုဖြစ်ပွားသည့်နေရာကို စက်ယန္တယား အလုံအလောက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ရေးအဖွဲ့ များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဦးဇော်မိုးအောင်က ပြောသည်။

တောင်ပြိုမှုကြောင့် မိသားစုအလိုက် ပျောက်ဆုံးသွားသူများရှိပြီး အချို့သော ရုပ်အလောင်းများပြန်လည်တွေ့ ရှိပြီဖြစ်ပေမယ့် အချို့မှာ ယနေ့ထိ မတွေ့သေးဘူးဟုလည်း ဒေသခံများက ပြောသည်။

081019 NMG 1

တောင်ပြိုကျမှုကြောင့် ကားလမ်းမ အပေါ်ဘက် အလျားလိုက် ဧရိယာ ၁ ဖာလုံခန့်နှင့် ကားလမ်းမအောက်ဘက် ဧရိယာ ၂ ဖာလုံခန့် မြေကြီးဖုံးလွှမ်းသွားသည်ဟုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

တောင်ပြို ကျမှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ် ၂ ပေခန့် မြေကြီးဖုံးလွှမ်းသွားသည့်အတွက် ကားလမ်းဖြတ်သန်းမှု ခေတ္တပိတ်ထားခဲ့ရသည်။ သို့သော်လည်း သြဂုတ်လ ၉ ရက်နေ့ ညပိုင်းအချိန်မှစပြီး ကားလမ်း ဖြတ်သန်းသွားလာမှု ပြန်လည်အသုံးပြု နိုင်ခဲ့သည်။

သြဂုတ်လ ၉ ရက်နေ့က မိုးသည်းစွာရွာသွန်းခဲ့သည့်အတွက် ရေးမြို့နယ် မန်ကျည်းကျေးရွာတွင်လည်း မြေပြိုကျမှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။