မွန်ရေဘေး ဒုက္ခသည် ၁၁၀၀၀ ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်။

မွန်ပြည်နယ်တွင် ရေဘေးဒုက္ခသည် တစ်သောင်းတစ်ထောင် ကျော်ရှိသွားပြီဟု ပြည်နယ်အစိုးရက ပြောသည်။

သြဂုတ်လ ပထမအပတ်အတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့သည့်မိုးနှင့် တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့ထိ စာရင်းအရ ရေဘေးသင့် လူဦးရေ ၁၁၀၀၀ ကျော်ထိရှိပြီဟု ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ပြည်နယ်အတွင်းရှိ မော်လမြိုင်အပါအဝင် သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ ကျိုက်မရော၊ သထုံနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ မြို့ ပေါ်ရပ်ကွက်များနှင့် ကျေးရွာအတော်များများ ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ သြဂုတ်လ ၁၀ ရက်နေ့ထိ အိမ်ခြေ ၂၀၅၃ လုံး၊ အိမ်ထောင်စု ၄၅၈၁ စုတို့မှ လူဦးရေ ၁၁၀၇၆ ဦး ရေဘေးသင့်ကာ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၆၃ ခုတို့တွင် ပြောင်းရွှေ့ခိုလှုံနေကြ ရသည်။

ရေဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုတင်လျာထားသည့် သဘာဝဘေးရန်ပုံငွေမှလည်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်လျှက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူကပြောသည်။

“ပြီးခဲ့တဲ့လကတည်းကပေါ့နော် ရေးဘေးအတွက်ကို ကြိုတင်ပြီးတော့ ရိက္ခာတွေပြင်ဆင်ထားတယ်။ ဒါကြောင့်လည်း နေရေးစားရေးအတွက်က ချက်ချင်းလုပ်ပေးနိုင်တဲ့ အနေအထားရှိတယ်။ နောက်သဘာဝဘေးရန်ပုံငွေ ကြိုတင်လျာထားမှုလည်း ရှိတဲ့အတွက် စားရေးနေရေး အဆင်ပြေအောင် ဆောင်ရွက်ပေးထားတယ်” ဟု မွန် ပြည်နယ်အစိုးရအဖွဲ့ ဒု-ညွှန်ကြားရေးမှူး ဦးဇင်မင်းကို က ပြောသည်။

မွန်ပြည်နယ် ရေဘေးကြုံတွေ့နေရမှု အခြေအနေသည် သြဂုတ်လ ၉ ရက်နေ့က အလွန်ဆိုးရွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်း သြဂုတ်လ ၁၀ ရက်နေ့ (ယနေ့)တွင် ရေပြန်ကျမည့် အနေအထားမျိုး ရှိနေသည်ဟု ပြောသည်။

သြဂုတ်လ ၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းပိုင်းတွင် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ပြီး ကားလမ်းပေါ် ၂ ပေခန့် မြေကြီးဖုံးလွှမ်းသွားသည့်အတွက် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သလို မော်လမြိုင်-ရေး ကားလမ်းပိုင်းတချို့ ရေတိုက်စားပြီး ကားလမ်းပျက်စီးမှုများ၊ ကားလမ်းရေကျော်မှုများ ရှိခဲ့သည်။

သို့သော်လည်း သြဂုတ်လ ၁၀ ရက်နေ့ (ယနေ့)တွင်ယာဉ်များ အဆင်ပြေစွာ ပြန်လည်သွားလာနိုင်ပြီဟု မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာမှ အကူအညီဆောင်ရွက်ပေးနေသည့်အပြင် လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် မြို့ပေါ်နေ ဒေသခံပြည်သူလူထုတွေကလည်း ကူညီဆောင်ရွက်ပေးနေသည်ဟု ရေဘေးသင့် ပြည်သူများက ပြောသည်။

“အကူအညီကတော့ မနေ့က ဖြစ်ဖြစ်ချင်းမှာတော့ လိုအပ်တာတွေရှိတာပေါ့ အခုတော့ အားလုံးအဆင်ပြေတယ်။ ရိက္ခာလည်း ထောက်ပံ့ပေးတယ်၊ ဒီနေ့ မိုးတိတ်နေတယ် ထပ်မရွာရင်တော့ ရေကပြန်ကျသွားမယ် ဒါပေမယ့်လည်း အခြေအနေကြည့်ရတာပေါ့ ရာသီဥတုက ခန့်မှန်းလို့မရဘူး” ဟု ကယ်ဆယ်ရေးစခန်းကို ရောက်နေသည့် မုဒုံမှ ဒေါ်အုန်းခင် က ပြောသည်။

ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုနှင့် လတ်တလောဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေအရ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၄၀၀ ခန့်ကိုလည်း ပိတ်ထားရသည်။

မိုးလေဝသ ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ သြဂုတ်လ ၁၀ ရက်နေ့ထုတ်ပြန်ချက်အရ မော်လမြိုင်မြို့ ၏ မိုးရေချိန်သည် ၁၃.၈၆ လက်မရှိပြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မနက်ဖြန် နံနက်ပိုင်းအထိ ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ခန့်မှန်းထားသည်။