ရေး ရေဘေး အကူအညီများ လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်။
မွန်ပြည်နယ်၊ ရေးမြို့ နယ်အတွင်း ရေကြီးမှု ဖြစ်ပေါ်နေပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသခံများနှင့် ရေးဘေးသွားရောက်ကူညီနေသူများက ပြောသည်။
“ရေက မနေ့ညနေလောက်ကတည်းက တက်လာတာ ညကဆို တော်တော်လေး အခြေအနေဆိုးတယ်၊ တစ်မြို့လုံးနီးပါးပဲ တချို့ ဆို အိမ်မှာပိတ်မိနေကြတယ်။ ဒီမနက်မှပဲ ကယ်ထုတ်လိုက်ရတာတွေလည်းရှိတယ်၊ ရေးတစ်မြို့လုံး ရေဝင်တာ တစ်ခါ မကြုံဖူးဘူး။ ဒီနှစ်က အခြေအနေတော်တော်ဆိုးသွားတယ်” ဟု ရေးမြို့ခံ တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ကာ ရေးမြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး အပါအဝင် ရေးမြို့တောင်ပိုင်းဒေသက ကိုးမိုင်၊ မာန်အောင်၊ ဟံဂံ၊ ကလော့၊ အံဒင်း အစရှိသည့် ကျေးရွာတို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး ဖုန်းဆက်သွယ်ရေးလိုင်းနှင့် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် အရေးပေါ်ကူညီကယ်ဆယ်မှုများ လိုအပ်လျက်ရှိကြောင်း အထူးသဖြင့် ဆက်သွယ်ရေးပြတ်တောက်သွားသည့် ကျေးရွာများ အကူအညီ လိုအပ်လျက်ရှိနေကြောင်း မော်လမြိုင်မြို့မှ ရေးမြို့သို့ ရေဘေးသွားရောက်ကူညီနေသည့် ကိုမင်းအောင်ထူး က ပြောသည်။
“မြို့ ပေါ်မှာတော့ ကယ်ဆယ်ရေးစခန်း ရောက်နေတဲ့ လူတွေအတွက်ကတော့ ပြဿနာမရှိဘူး။ ကယ်ဆယ်ရေးစခန်းမရောက်တဲ့လူတွေအတွက်က အခက်အခဲရှိနေတယ်၊ ကယ်ဆယ်ရေးက စနစ်တကျမရှိနေတော့ အခက်အခဲဖြစ်နေတယ်။ နောက်ပြီးတော့ ဆက်သွယ်ရေး ပြတ် တောက်နေတဲ့ ကျေးရွာတွေအတွက် အခက်အခဲရှိတယ်” ဟု ကိုမင်းအောင်ထူး က ပြောသည်။
လက်ရှိအနေအထားအရ နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် ရေပြန်ကျနေသော်လည်း ကူညီကယ်ဆယ်မှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု ကိုမင်းအောင်ထူးက ဆက်ပြောသည်။
ရေးမြို့ နယ်တောင်ပိုင်းရှိ ကိုးမိုင်ကျေးရွာအုပ်စုတွင်လည်း အိမ်ခြေ ၄၀၀ ခန့် ရေလွှမ်းသွားခဲ့ကြောင်း ကူညီကယ်ဆယ်မှုများ မရောက်သည့်အတွက် အခက်အခဲဖြစ်နေကြာင်း ကိုးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ပြောသည်။
အဆက်မပြတ် သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် ရေးမြို့တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ အချို့မှာ ညတွင်းချင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သော်လည်း အချို့မှာမူ ညလုံးပေါက် နေအိမ်များထဲတွင် ပိတ်မိနေခဲ့ကြသည်။
သြဂုတ်လ ၁၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှသာ ရောက်ရှိလာသည့် ကယ်ဆယ်ရေးအဖွဲ့တို့၏ ကူညီကယ်ဆယ်မှုဖြင့် ယခုခါ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရေးကြီးနစ်မြုပ်မှု အခြေအနေဆိုးရွားနေသည့် ရေးမြို့သို့ ယနေ့နံနက်ပိုင်းမှသာ ပြည်နယ်အစိုးရအဖွဲ့နှင့် အနယ်နယ်အရပ်ရပ်က ကယ်ဆယ်ရေးအဖွဲ့အချို့ ရောက်ရှိလာပြီး ကူညီကယ်ဆယ်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အရေးပေါ်ကူညီမှုလိုအပ်နေသည့် ရေးမြို့နယ်သို့ ရာသီဥတုအခြေအနေအရ ရဟတ်ယာဉ်ဆင်းသက်ရန် အဆင်မပြေ၍ မော်တော်ယာဉ်များဖြင့် သွားရောက်ကူညီလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အတူ ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ၊ လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒု-ဝန်ကြီး ဦးစိုးအောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ပြည်နယ် နယ်/လုံဝန်ကြီးတို့က ယနေ့နံနက်ပိုင်းတွင် စံချိန်တင် ရေကြီးနစ်မြုပ်မှု ဖြစ်နေသည့် ရေးမြို့သို့ သွားရောက်လျက်ရှိသည်။