နှစ်ဘက် သဘောတူမှု ရရှိမှသာ စစ်ရှောင်များ အိမ်ပြန်လို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်။

နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်းမှု တစ်စုံတစ်ရာ ရရှိပြီး ဒေသအတွင်း လုံခြုံရေးအရ စိတ်ချရသည့် အနေအထား ရောက်မှသာ နေရပ်ရင်းပြန်မည်ဟု KIO/KIA ထိန်းချုပ်ရာဒေသအတွင်းရှိ ကချင်စစ်ဘေးရှောင်များက ပြောသည်။

လက်ရှိတွင် ကချင်ဒေသ စစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ရေးကော်မတီ KHCC နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့ ကချင်စစ်ဘေးရှောင်များ နေရပ်ရင်းပြန်နိုင်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

KIO/KIA ထိန်းချုပ်ရာ ဒေသရှိ ဂျေယန့် စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်လာသည့် ပန်ဆောင်ကျေးရွာမှ ဒေါ်ခါတွမ်က “အားလုံး ပြန်ချင်တယ် ပြန်တဲ့ အခါမှာလည်း ပစ်စလက်ခတ် မပြန်ချင်ဘူး။ နှစ်ဖက်အစိုးရ ကောင်းကောင်းညှိနှိုင်းပြီးမှ အာမခံချက် ကောင်းကောင်းပေးတဲ့နေ့ အားလုံးပြန်မယ်” ဟု ပြောသည်။

“ဘာမှလည်း အာမခံချက် မရှိပဲနဲ့ တစ်ပိုင်းတစ်စပြန်တာတွေတော့ ကျမတို့ မလိုချင်ဘူး။ သွားမယ်ဆိုရင် ပြန်မယ်ဆိုရင် အားလုံး ပြန်လို့ရအောင် အားလုံးပြန်တဲ့အခါမှာ အားလုံးက လုံခြုံမှုရှိဖို့လိုတယ် သိက္ခာရှိဖို့လိုတယ်။ ဒီအတိုင်း ပစ်စလက်ခတ် ပြန်ဖို့ကျမတို့ မလိုလားဘူး” ဟု ဒေါ်ခါတွမ်က ဆက်ပြောသည်

တစ်ဖက်တွင်လည်း KHCC နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ စစ်ဘေးရှောင်များ နေရပ်ရင်း ပြန်နိုင်ရန် ညှိနှိုင်းမှုများ ရှိသည်ဟု သိရသည်။

“နှစ်ဦးနှစ်ဖက် သဘောတူပြီး ငြိမ်းချမ်းရေးရဖို့ပေါ့ ငြိမ်းချမ်းရေး မရမချင်းကတော့ ကျနော်တို့ ဒီအိုင်ဒီပီ လူထုတွေက ကိုယ့်မူရင်းဒေသကို ပြန်ဖို့တော့ အဆင်တော့ မပြေဘူးပေါ့။ ကျနော်တို့အတွက်လည်း အာမခံချက် မရှိနိုင်ဘူးပေါ့။ ဒါကြောင့် လက်နက်ကိုင် နှစ်ဖက်နှစ်ဦးပေါ့လေနော် သဘောတူပြီးမှ မြန်မြန်လေး ငြိမ်းချမ်းရေးရဖို့ ကျနော်တို့က အဓိကအဲဒါမျှော်လင့်တာပေါ့” ဟုဂျေယန့် စစ်ဘေးရှောင်စခန်း အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၏ သဘောထားနှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ KIO ရဲ့ သဘောထားကတော့ ဦးစွာ NRPC အစိုးရ တပ်မတော်ပေါ့နော် သူတို့နဲ့ သဘောတူညီချက် တစ်စုံတစ်ရာ ရရှိမှသာ ကျနော်တို့က အိုင်ဒီပီကိစ္စ ဆောင်ရွက်လို့ရမှာ ဖြစ်ပါတယ်။ ဥပမာ အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့ ပုံစံမျိုးတွေပေါ့ Bilateral လို့လည်း ခေါ်လို့လည်းရတာပေါ့ အဲဒီလက်မှတ် ရေးထိုးပြီးတဲ့ နောက်ပိုင်းမှပဲ ကျနော်တို့ နေရပ်စွန့်ခွာတဲ့ ပြည်သူလူထုတွေကို ကိုယ့်ရွာတွေကို ပြန်ရေးကိစ္စတွေကို ဆောင်ရွယ်မယ်ဆိုတဲ့ သဘောထား ကျနော်တို့တော့ ရှိပါတယ်” ဟု ပြောသည်။

KIO/KIA နှင့် KHCC တို့ စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေး ကိစ္စ၊ နေထိုင်ရန် အဆောက်အဦ ဆောက်လုပ်ရန်ကိစ္စ၊ လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမည် ဖြစ်သည်။

သို့သော် အစိုးရ၊ တပ်မတော်တို့နှင့် နိုင်ငံရေးအရ တစ်စုံတစ်ရာ သဘောတူညီမှု ရရှိပြီး စစ်ဘေးရှောင်များအတွက် လုံခြုံရေး အာမခံချက်ရရှိမှသာ IDPs များ နေရပ်ရင်းပြန်မည့်ကိစ္စကို အကောင်အထည်ဖော်မည် ဟု KIO/KIA က ပြောသည်။

နေရပ်ရင်း ပြန်မည်ဆိုပါက ကျေးရွာများထဲတွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများက တပ်စွဲထားသောကြောင့် လုံခြုံမှု လုံးဝမရှိကြောင်း၊ ပစ်ခတ်မှုများ ပြန်လည်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် လက်ရှိအနေ အထားအရ ပြန်ရန်မဖြစ်နိုင်သေးကြောင်း စစ်ဘေးရှောင်များ က ပြောသည်။

“ကျမတို့ လူထုတွေဆိုတာ အရပ်သားတွေဆိုတာ ဘယ်တပ်မတော် ဘယ်စစ်သားနဲ့မှ အတူတူ နေလို့မဖြစ်တဲ့အတွက် အခုရပ်ရွာတွေမှာ စစ်တပ်တွေရှိတယ်။ နှစ်ဖက်ရဲ့ စစ်တပ်တွေရှိတယ်။ တစ်ဖက်ကိုပဲ ပြောတာမဟုတ်ဘူး။ နှစ်ဖက်လုံးရဲ့ စစ်တပ်တွေက ကျမတို့ရဲ့ ရွာတွေမှာ ရှိနေတဲ့အတွက် ကျမတို့ အရပ်သားတွေ ဘယ်လိုမှ ပြန်လို့မဖြစ်သေးဘူး။ နှစ်ဖက်က ငြိမ်းချမ်းရေးရမယ် နှစ်ဖက်က ကောင်းကောင်းမွန်မွန် အာမခံချက်ပေးတဲ့ နေ့တစ်နေ့ကျရင် ကျမတို့ ဘယ်နေ့ ဖြစ်ဖြစ်ပြန်မယ်။ ကိုယ့်ရပ်ရွာကို မပြန်ချင်တဲ့လူတစ်ယောက်မှ မရှိဘူး။” ဟု ဒေါ် ခါတွမ် က ပြောသည်။

၂၀၁၁ ခုနှစ်က တကျော့ပြန် ဖြစ်ပွားလာသည့် တပ်မတော်နှင့် KIO/KIA တို့ကြားက တိုက်ပွဲများကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် KIA ထိန်းချုပ်ရာနယ်မြေတို့တွင် ဒေသခံ တစ်သိန်းကျော်ခန့် စစ်ဘေးရှောင်နေကြရသည်မှာ ၈ နှစ်ကျော်ရှိပြီဖြစ်သည်။