မွန်ပြည်နယ် မလတ်တောင် ပြိုကျမှု သေဆုံးစာရင်း ၅၁ ဦးရှိပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်။

မွန်ပြည်နယ် ပေါင်မြို့ နယ် မလတ်တောင်ပြိုကျမှုတွင် သြဂုတ်လ ၁၁ ရက်နေ့ ရှာဖွေကယ်ဆယ်မှု နောက်ဆုံးစာရင်းအရ ရုပ်အလောင်းရှာဖွေတွေ့ရှိမှု ၅၁ ဦးထိ တိုးလာသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ (ယနေ့)သဲဖြူကုန်းကျေးရွာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး မှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ၏ နည်းပညာများ၊ ပစ္စည်းများအသုံးပြု၍ စုစုပေါင်းလူအင်အား ၅၀၀ ခန့်တို့နှင့် ရှာဖွေကယ်ဆယ်မှု ဆက်လက်လုပ်ဆောင်လျက်ရှိကာ ယနေ့ညနေ ၄ နာရီအချိန်ထိ သံဃာတော်တစ်ပါး အပါအဝင် သေဆုံးရုပ်အလောင်း ၅၁ လောင်းထိ ရှာဖွေတွေ့ရှိပြီဟု ပြောသည်။

“ဒီနေ့တက်လာတဲ့စာရင်းအရ သေဆုံးမှုက ၅၁ ဦးရှိပါတယ်၊ မနေ့ကထိကတော့ ၄၀ ဦး ဒီနေ့ ၁၁ ဦးထပ်တိုးလာတယ် အားလုံးပေါင်း ၅၁ ဦးရှိသွားပါပြီ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဒု-ညွှန်ကြားရေးမှူး ဦးဇင်မင်းကိုက ပြောသည်။

လက်ရှိတွင် အဆိုပါ တောင်ပြိုကျထားသည့်နေရာကို အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထားပြီး ရှာဖွေကယ်ဆယ်မှု ဆက်လက်လုပ်ဆောင်နေသည်ဟု ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြောသည်။

“လူတွေ လာကြည့်ကြတယ် မနေ့ကဆို လူ ၄-၅၀၀ မကဘူး ဆိုတော့ အလုပ်လုပ်နေတဲ့လူတွေအတွက် တော်တော်လေးအနှောင့်အယှက်ဖြစ်တယ်။ နောက်တောင်က ထပ်ပြိုနိုင်ခြေရှိတော့ သူတို့အတွက်လည်း အန္တရာယ်ရှိလာနိုင်တယ်၊ တချို့က ပစ္စည်းလာရှာတာလဲရှိတယ်။ ဆိုတော့ လူမှုရေးအရှုပ်အရှင်းတွေထပ်လာမယ်။ အဲဒါ ကြောင့် ဇုန်တစ်ခုအနေနဲ့ ယာယီသတ်မှတ်ထားတာပေါ့နော်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလွဲလို့ ဘယ်သူ့ကိုမှ အဝင်မခံတဲ့သဘောပါ” ဟု ဒေါ်မိကွန်ချမ်းက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် သဲဖြူကုန်းကျေးရွာ၌ မလတ်တောင်ပြိုကျမှုကြောင့် လူနေအိမ် ၂၇ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း တောင်ပြိုမှုထဲပါသွားခဲ့သည်။

အဆိုပါ တောင်ပြိုကျမှုတွင် မုတ္တမ ကားလမ်း ရေကျော်၍ လမ်းပိတ်ဆို့ထားစဉ် ရပ်နားထားသည့် ကုန်တင်ကား၊ ခရီးသည် တင်မှန်လုံကားနှင့် အိမ်စီးကားများအပေါ် ဖုံးလွှမ်းသွားခဲ့ကြောင်း ဒေသခံနှင့် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

အလားတူ သြဂုတ်လ ၁၀ ရက်နေ့က ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကမ်းပါးရံပြိုကျခဲ့ရာ လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် သုံးလုံးပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မလတ်တောင်ပြိုမှုတွင် ပျောက်ဆုံးလူဦးရေအရေအတွက် အတိအကျမပြောနိုင်သေးကြောင်း သြဂုတ်လ ၁၁ ရက်နေ့အထိ စာရင်းအရ တောင်ပြိုမှုကြောင့် အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့သူ ၄၇ ဦးရှိပြီး သေဆုံးသူ ရုပ်အလောင်း ၅၁ ဦး ရှာဖွေတွေ့ရှိထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

တောင်ပြိုကျမှုကြောင့် ကားလမ်းမအပေါ် အလျားလိုက် ဧရိယာ ၁ ဖာလုံခန့်နှင့် ကားလမ်းမအောက်ဘက် ဧရိယာ ၂ ဖာလုံခန့် မြေကြီးဖုံးလွှမ်းသွားသည်ဟုလည်း မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

တောင်ပြိုကျမှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်းမပေါ် ၂ ပေခန့် မြေကြီးဖုံးလွှမ်းသွားသည့်အတွက် ကားလမ်းဖြတ်သန်းမှု ခေတ္တပိတ်ခဲ့ရကာ ယခုခါ ကားလမ်းအား ဖြတ်သန်းသွားလာခွင့် ပြန်လည်ရရှိနေပြီ ဖြစ်သည်။

ရေးမြို့နယ် မန်ကျည်းကျေးရွာတွင်လည်း သြဂုတ်လ ၉ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် မြေပြိုကျမှု ဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲံသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့က ရေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ရေးမြို့ တောင်ပိုင်းဒေသက ကျေးရွာများ ရေကြီးနစ်မြှုပ်မှုကြောင့် အရေးအပေါ်အကူအညီများ လိုအပ်လျှက်ရှိသည်။

ထို့အပြင် မွန်ပြည်နယ်တွင် သြဂုတ်လ ပထမအတွင်း အဆက်မပြတ် ရွာသွန်းခဲ့သည့် မိုးနှင့် တောင်ကျချောင်း ရေများကြောင့် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေရာ ရေဘေးဒုက္ခသည် တစ်သောင်းတစ်ထောင်ကျော်ရှိပြီဟု ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။