ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန် မြောက်ပိုင်းမဟာမိတ်များ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းနေသည့် ကာလအတွင်း ထိုးစစ်ဆင်နေမှုများကို တပ်မတော်အနေဖြင့် ရပ်တန့်ပေးရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့က သြဂုတ်လ ၁၂ ရက် ယနေ့တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။

“AA ဒေသရော အထူးသဖြင့် ကျနော်တို့ဒေသရော ကိုးကန့်ဒေသရော ထိုးစစ်တွေ ပြုလုပ်လာတယ် အဲဒီလိုမျိုး ထိုးစစ်တွေ ပြုလုပ်တဲ့အတွက် တိုက်ပွဲတွေက ဘယ်လိုဖြစ်ဖြစ် မလွဲမရှောင်သာ ဖြစ်နေမှာ အဲဒါကြောင့်မို့ တပ်ဖက်က ထိုးစစ်ကြောင့် တွေ့ဆုံဆွေးနွေးမှုလည်း တစ်ဖက်နှင့်တစ်ဖက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတယ် ယုံကြည်မှုတွေ လျှော့ကျစေနိုင်တယ်ပေါ့နော အဲကြောင့်မို့ တပ်ဖက်က ထိုးစစ်တွေက ဒီလိုမျိုး မပြုလုပ်ဖို့ ကျနော်တို့က တောင်းဆိုတာပေါ့” ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တို့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ သြဂုတ်လ ၁၂ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင် မိမိတို့ ညီနောင်သုံးဖွဲ့ လှုပ်ရှားသော မြန်မာပြည်မြောက်ပိုင်း၊ ရခိုင်ဒေသများ၌ မြန်မာစစ်တပ်၏ မိမိတို့ ညီနောင် မဟာမိတ်များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေမှု မှန်သမျှကို အမြန်ဆုံးရပ်တန့်ရန် မြန်မာစစ်တပ်အား အလေးအနက် တောင်းဆိုလိုက်သည်ဟု ပါရှိသည်။

ထို့အပြင် မြန်မာစစ်တပ် အဆိုပြုထားသည့် တစ်ဖက်သတ်ဆန်ပြီး ညှိနှိုင်းရန် ခက်ခဲသော ပဏာမ အပစ်ရပ်ရေး စာချုပ်မူကြမ်းကို မိမိတို့ မဟာမိတ်အဖွဲ့မှ သဘောထားကြီးစွာဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် FPNCC တို့မှ တဆင့်ကြိုးပမ်းလျက်ရှိနေပါသည်။ သို့သော် တွေ့ဆုံမည့်နေရာ အခက်အခဲကြောင့် ထပ်မံမတွေ့ဆုံနိုင်သေးဘဲ ကြန့်ကြာနေခဲ့ပါသည် ဟု ထုတ်ပြန်ချက်ထဲတွင် တေ့ွရသည်။

“အထူးသဖြင့်ကတော့ သူတို့က ပြည်တွင်း အတွင်းထဲမှာ တွေ့ဆုံဆွေးနွေးပြုလုပ်လိုတယ်။ ကျနော်တို့က တရုတ်ပြည် မဟုတ်ရင် နယ်စပ်ဒေသ တစ်ခုခုပေါ့ ကျနော်တို့အတွက် သွားဖို့ လုံခြုံမှုရှိတဲ့နေရာ ကျနော်တို့ လိုချင်တယ် အဲဒါကြောင့်မို့ ကျနော်တို့ သူတို့ဖက်က မဖြစ်နိုင်တဲ့နေရာ အဲဒီတိုင်းပဲ ဆက်ပြီးမှ နေရာပေးတယ်။ ဒါ ကြောင့်မို့ တွေ့ဆုံဆွေးနွေးမှုက တော်တော်လေး အခက်အခဲရှိနေတယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

တွေ့ဆုံဆွေးနွေးရေးကိစ္စ နှင့် ပတ်သက်၍ “အချိန်တွေ၊ နေရာတွေထက်စာရင် သဘောထားတွေက ပိုပြီးတော့ ခက်ခဲတယ်နဲ့တူပါတယ်။ အဓိကက မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ နဲ့ အဓိက အခက်အခဲက ရခိုင်စစ်မျက်နှာက အဓိကပြဿနာပါပဲ။ အဲတော့ရခိုင်ပြည်နယ်ထဲမှာ AA တပ်ဖွဲ့ ရောက်နေတာကို လက်မခံနိုင်ဘူးဆိုရင် ဒီဆွေးနွေးပွဲက အတော် ဖြေရှင်းဖို့ခက်ပါတယ်” ဟု တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲကာလနှင့် မြန်မာစစ်တပ်၏ တစ်ဖက်သတ် အပစ်ရပ်ဆိုင်းရေး ကြေငြာထားသည့် ကာလအတွင်းတွင် မြန်မာစစ်တပ်သည် မိမိတို့ မဟာမိတ်အဖွဲ့တို့အား နေရာဒေသ အသီးသီးတွင် ရန်လိုသည့် အပြုအမှုနှင့် စစ်မက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်တိုက်ပြုလုပ်နေပါသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်မျက်နှာပြင်မှာလည်း ကျယ်ပြန့်လာသည်ဟု ဆိုသည်။ ထို့အပြင် တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်ထားသည့် စစ်တိုင်း ၅ တိုင်းတွင် ပါဝင်သည့် အရှေ့မြောက်ပိုင်းတိုင်းနယ်မြေတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေသည်။

တိုက်ပွဲဖြစ်ပွားသည့် အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက်ကျော်က “လက်ရှိ ကျနော်တို့ လှုပ်ရှားတဲ့ ဒေသမှာကတော့ ကွတ်ခိုင်မြို့နယ်ထဲက တာမိုးညဲ မော်ဟွန်ရွား နားတစ်ဝိုက်ကတော့ သြဂုတ် ၄ ရက်နေ့ကနေ မနေ့အထိ တောက်လျှောက်ဖြစ်လာတယ်။ မဖြစ်တဲ့ရက်က သြဂုတ် ၇ ရက်တစ်ရက်ပဲဖြစ်တယ်။ အဲဟာ တောင်မှ ကိုးကန့်နဲ့ ဖြစ်တယ်လို့တော့ ကြားတာပေါ့နော ပြောရမယ်ဆိုရင်တော့ အဲဒီဒေသတစ်ဝိုက်ပဲ ၄ ရက် နေ့ ကနေမနေ့ကအထိ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်တယ်” ဟု ပြောသည်။

ကိုးကန့်ဒေသ၊ တအာင်းဒေသနှင့် SSPP/SSA လှုပ်ရှားရာဒေသများတွင် တပ်မတော်ဖက်မှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အတွက် သြဂုတ်လ ပထမအပတ်တွင်ပင် တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့က ပြောသည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးဦးတည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့် ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် အရှေ့မြောက်ပိုင်းတိုင်း၊မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေ ၅ ခု မှာ တဖက်သတ်အပစ်ခတ်ရပ်စဲရေးကြေငြာထားသည်။

ယခုကဲ့သို့ ကြေညာထားသော်လည်း စစ်ရေးလှုပ်ရှားမှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ပြောသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နောက်ထပ်တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြ သော်လည်း တွေ့ဆုံမည့် နေရာညှိနှိုင်းရာတွင် အဆင်မပြေသည့်အတွက် ယနေ့အချိန် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။