ကျောက်စိမ်းတွင်း စီမံကိန်းများ ဒေသခံ ဆန္ဒရယူရန် တောင်းဆို

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် သယံဇာတတူးဖော်ရေးလုပ်ငန်းများအပါအဝင် စီမံကိန်းများ လုပ်ဆောင်ပါက ဒေသခံဌာနေတိုင်းရင်းသားများအား ကြိုတင်ညှိနှိုင်း တိုင်ပင်ပြီးမှ လုပ်ဆောင်ကြရန် ဖားကန့်ဒေသခံများက အစိုးရအား တောင်းဆိုလိုက်သည်။

ဒေသတွင်းလုပ်ဆောင်နေသည့် လုပ်ငန်းများကြောင့် ဌာနေတိုင်းရင်းသားများအနေဖြင့် ဆုံးရှုံးနစ်နာမှုများစွာရှိနေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်ဟု ဖားကန့်အခြေစိုက် မုန်နောင်ခေါင် ဥရုဌာနေ တိုင်းရင်းသားများအဖွဲ့က ပြောသည်။

“တချိန်တုန်းက ကျနော်တို့ လုပ်စားခဲ့တဲ့နေရာ တစ်ခုမှ မရှိတော့ဘူးလေ။ ကျနော်တို့ခုတ်စားခဲ့တဲ့ တောင်ယာနေရာ၊ ဥယျာဉ်လုပ်တဲ့နေရာ အဲ့ဒီနေရာတွေက အားလုံးကျောက်စိမ်းတူးလိုက်တော့ ဘာတစ်ခုမှ မရှိတော့ဘူးလေ။ ဆိုတော့ ရှေ့ဆက်ပြီး ဘာလုပ်စားမှာလဲ။ စဉ်းစားကြည့်ဗျာ၊ အရင်က ကျနော်တို့နယ်မြေက အင်မတန်မှ အေးချမ်းပြီးတော့ တိရိစ္ဆာန်တွေ သစ်ပင်တွေလည်း အရမ်းပေါတယ်၊ ဒါပေမယ့် အခုတစ်ခုမှ မရှိတော့ဘူး” ဟု ဖားကန့်အခြေဆိုက် မုန်နောင်ခေါင် ဥရုဌာနေ တိုင်းရင်းသားများအဖွဲ့က ဦးလမောင်လတောင်က ပြောသည်။

“ဘာဆိုဘာမှ မရှိတော့တာ၊ အခုလောလောဆယ် ဥပမာတစ်ခုပြောမယ်ဗျာ။ ကျနော်တို့မှာ သောက်မယ့်ရေမရှိတော့ဘူး။ လုံးဝကို မရှိတော့တာ။ ပြီးတော့ ကျနော်တို့နေတဲ့နေရာတွေကလည်း မိုင်းသံတွေကြောင့် အားလုံးကွဲအက်သွားပြီ။ အိမ်တွေလည်း အားလုံးအက်ကွဲနေပြီ။ ဒါတွေကို ဘယ်သူက တာဝန်ယူပေးမလဲ။”

ဖားကန့်ဒေသအတွင်း ထောင်နှင့်ချီသော ကုမ္ဗဏီများက စက်ယန္တရားကြီးများ အသုံးပြုပြီး ကျောက်စိမ်းအလွန် အကျွံတူးဖော်ခြင်းကြောင့် နှစ်စဉ် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားလျှက်ရှိပြီး သဘာဝဘေးအန္တရာယ်၏ ဆိုးကျိုးများကို ကြုံတွေ့နေရသည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

သဘာဝသယံဇာတတူးဖော်မှုများကြောင့် ထိခိုက်ပျက်ဆီးသွားသည့် သဘာဝအရင်းအမြစ်များ၊ ဂေဟစနစ်များ၊ သစ်တောများ၊ စိုက်ပျိုးမြေများကို ဌာနေတိုင်းရင်းသားများ၏ ခံစားပိုင်ခွင့်များနှင့်အညီ ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန်လည်း တောင်းဆိုထားသည်။

ဦးလမောင်လတောင် က “အဲ့ဒါကြောင့် ကျနော်တို့က ရသင့်ရထိုက်တဲ့အခွင့်အရေးကိုလည်း ပြန်လိုချင်တယ်၊ ဆုံးရှုံးနစ်နာသွားတာတွေကိုလည်း ပြန်ပြီး ပြုပြင်ယူမယ်ဗျာ၊ အဲ့ဒါလေးကို ပြောချင်တာပါ။ ကျနော်တို့ ဒေသက လာမယ့် ၅ နှစ် ၁၀ နှစ်လောက်ဆို အကုန်လုံးလုံးဝကို ကုန်သွားတော့မယ့် အနေအထားဖြစ်နေတယ်။ ဆိုတော့အခုအနေအထားတိုင်းဆိုရင် ကျနော်တို့အတွက် ဘာမှ မျှော်လင့်ချက်မရှိတော့ဘူး။ သိတဲ့အတိုင်းပဲ ကျနော်တို့ နေရာက စုတ်ပြတ်သတ်သွားပြီ” ဟု ပြောသည်။

ထု့ိအပြင် ဒေသခံဌာနေတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာများ၊ နေထိုင်မှုပုံစံများ၊ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အခြေခံဖြစ်သည့် မြေယာ၊ ပိုင်နက်နယ်မြေများနှင့် သဘာဝအရင်းအမြစ်များဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ခံနေရမှုများကိုလည်း အရေးတကြီးကာကွယ်ဖြေရှင်းပေးရန်လည်း တောင်းဆိုထားသည်။

ဖားကန့်ဒေသအတွင်း အခြားသော ဒေသများမှ ရွှေ့ပြောင်းအလုပ်သမားများ အလွန်များပြားလာသည့်အတွက် ဌာနေတိုင်းရင်းသားများအနေဖြင့် မြေနေရာအခက်အခဲအပြင် အခြားသော ဆုံးရှုံးမှုများလည်း ရှိနေသည်ဟု ဦးလမောင်လတောင် က ဆက်ပြောသည်။

“အခု ကျနော်တို့က အစိုးရကိုတောင်းဆိုတာလေ။ ကျနော်တို့ သိန်းသန်းတန်တဲ့ ကျောက်စိမ်းလည်း မလိုချင်ပါဘူးလို့ အလိုမရှိဘူးလို့၊ အခုကျနော်တို့ လိုချင်တာက ဆုံးရှုံးသွားတဲ့ နစ်နာသွားတဲ့ မြေယာတွေ မြေနေရာတွေပဲ ပြန်လိုချင်ပါတယ်လို့ အဲ့လိုပြောချင်တာလေ။ နဂိုရှိနေတဲ့ ဌာနေသားက ထောင်ဂဏာန်းပဲ ရှိတာလေ။ ဆိုတော့ အခုရွှေ့ပြောင်းလုပ်သား ၊ ကုမ္ဗဏီလုပ်သားတွေက သိန်းဂဏာန်းရှိနေတော့ ကျနော်တို့ ဌာနေသား ထောင်ဂဏာန်းပဲ ရှိတဲ့လူတွေကု မြှုပ်သွားတာပေါ့။ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အရာတွေ အားလုံး ဆုံးရှုံးနစ်နာသွားတယ်။”

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအနှံ့အပြားက လူမျိုးပေါင်းစုံက စီးပွားရေးလာရောက်လုပ်ကိုင်ခြင်း၊ ကျောက်စိမ်း တူးဖော်ခြင်း၊ ရေမဆေးကျောက်တူးခြင်း လုပ်ငန်းများ လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ဖားကန့်မြို့က ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ပတ်သက်၍ “ရွှေ့ပြောင်းလုပ်သားတွေကိစ္စက ကျနော်တို့ လေ့လာထားသလောက်က ဖားကန့်ဘက်မှာ တချို့နေရာမှာ မြေလွတ်မြေလတ်မြေရိုင်းကိစ္စနဲ့ ပတ်သက်ပြီး အစိုးရက အလုပ်သမားတွေကို နေရာချပေးမယ့်ကိစ္စ အလုပ်ချပေးမယ့်ကိစ္စတွေလုပ်လာတာရှိတယ်ဆိုတော့ ဒါကအခြေအနေကောင်းတဲ့ကိစ္စမဟုတ်ဘူး။ ဥပဒေကလည်း ခိုင်ခိုင်မာမာ မရှိသေးဘူးဆိုတော့ ဒါပိုပြီးမှ ပဋိပက္ခဖြစ် လာနိုင်တဲ့ အခြေအနေ ရှိတယ်လေ” ဟု ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC အထွေထွေအတွင်းရေးမှူး ဦးဇယ်ဇောင်းက ပြောသည်။

ဖားကန့်ဒေသတွင် သိန်းချီသော ရွှေ့ပြောင်းအလုပ်သမားများကြောင့် လူဦးရေကြီးစိုးခြင်းခံရသည့် ပုံစံများပါရှိလာနေသည့်အတွက် အလေးထား ဖြေရှင်းပေးသင့်သည်ဟု ဒေသခံများက ပြောသည်။

ဌာနေတိုင်းရင်းသားများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများအား ဂုဏ်သိက္ခာရှိရှိဖြင့် ရရှိခြင်းသည် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု၊ အချင်းချင်းကြား ယုံကြည်မှု၊ စည်းလုံးမှုကို ဖြစ်ထွန်းစေသည်သာမက စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက်လည်း အဓိကကျကြောင်း၊ ထို့ကြောင့် ဌာနေတိုင်းရင်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖားကန့်မြို့နယ် ကချင်ပြည်သူ့ပါတီ KSPP ရုံးကလည်း သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဖားကန့်မြို့ ၊ မှော်ဝမ်းရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် “Our Land, Our Life – ဒို့မြေသည် ဒို့အသက်” ဆိုသည့် ခေါင်းစဉ်ဖြင့် သြဂုတ်လ (၉) ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်း ရင်းသားများနေ့အခမ်းအနားတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပြီး အထက်ပါအချက်များကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။