ကွတ်ခိုင် တိုက်ပွဲ ကျောင်းသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ခဲ့သည့်အပြင် ကျေးရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့ (ယမန်နေ့)က တပ်မတော်နှင့် PSLF/TNLA တို့ တာမိုးညဲဒေသနှင့် မော်ဟန်ကျေးရွာအုပ်စုတလျှောက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ဆယ်တန်း ကျောင်းသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်ဟု မော်ဟန်ကျေးရွာက ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

“အဲ့ဒါ မနေ့က မော်ဟန်တံတားပေါ့ နော် ကွတ်ခိုင်ဘက်သွားတဲ့တံတားအကွေ့နားမှာ တိုက်ပွဲဖြစ်ကြတာပေါ့၊ အဲ့မှာ မိုင်းတွေဘာတွေခွဲ၊ လက်နက်ကြီးတွေဘာတွေပစ်ပေါ့၊ အဲ့မှာ ပြည်သူ့စစ်တပ်ရှိတဲ့နေရာမှာ မြန်မာ့တပ်မတော် ကလည်းရှိတယ်။ အဲ့မှာ နား လည်မှုလွှဲပြီးပစ်လိုက်တဲ့အချိန်မှာ ရွာထဲမှာကျတယ်၊ အဲ့မှာ ဘောလုံးပွဲလာကြည့်တဲ့ကလေးတွေက သေနတ်သံတွေကြားတော့ ပြေးကြတာ၊ ကလေးတစ်ယောက်ထိ သွားတာ၊ ဒီပုခုံးနားပေါ့ လက်ပေါ့ အဲ့မှာထိသွားတယ်၊ ဆယ်တန်းကျောင်းသားပါ၊ အသက်က (၁၇) နှစ်ပဲ ရှိသေးတယ်” ဟု ပြောသည်။

ယမန်နေ့ မွန်းလွှဲ ၂ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများအတွင်း အသက် (၁၇) နှစ်ရွယ် (ဒဿမတန်း) ဆယ်တန်းကျောင်းသား မောင်ခေါင်လွမ်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ မောင်ခေါင်လွမ်းအား အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ခေါ်ယူပြီး တပ်မတော်၏ ဆေးမှူးထံ ဆေးကုသပေးခဲ့ရသည်ဟု ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ၄-၅ နေရာခန့် ကျရောက်ခဲ့သည်ဟု မော်ဟနကျေးရွာက ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာက ရွာအပြင်ဘက်မှာဖြစ်တာ၊ ဒါပေမယ့် တပ်မတော်က ပစ်လိုက်တဲ့အချိန် လက်နက်ကြီးတွေက ရွာထဲကို ကျတယ်ပေါ့။ ရွာထဲကို လေးနေရာ ငါးနေရာလောက် လက်နက်ကြီးကျတယ်။ အိမ်တွေကို တည့်တည့်မထိပေမယ့် ဘေးနားတွေ၊ အနောက်ဘက်တွေကို ကျတာပေါ့နော်။ အနီးပတ်ဝန်းကျင်တွေကိုထိတယ်။ ဆိုင်ကယ် နောက်မှာထိုင်တဲ့တစ်ယောက်ကို လက်နက်ကြီးကျည်စထိမှန်သွားတယ်။ ဒီနေ့တစ်ရက်ပဲ တိုက်ပွဲကမဖြစ်ဘူး။ ပြီးခဲ့တဲ့ရက်တွေကတော့ နေ့တိုင်းလိုလိုဖြစ်တာ။ ဒီမော်ဟန်နဲ့ ကွတ်ခိုင်ကြားမှာ၊ ပြီးရင် မော်ဟန်နဲ့ တာမိုးညဲကြားမှာပေါ့နော် ပုံမှန်လိုလိုကို ဖြစ်နေတာ။ မနေ့ကအထိပေါ့။”

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကွတ်ခိုင်နှင့် မော်ဟန်ကြား၊ မော်ဟန်နှင့် တာမိုးညဲကြား လမ်းမကြီးတစ်လျှောက် သြဂုတ်လ လဆန်းပိုင်းမှစတင်ပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ပြောသည်။

PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “လက်ရှိ ကျနော်တို့ လှုပ်ရှားတဲ့ ဒေသမှာကတော့ ကွတ်ခိုင်မြို့နယ်ထဲက တာမိုးညဲ မော်ဟန်ရွာနားတစ်ဝှိုက်ကတော့ သြဂုတ်လ ၄ ရက်နေ့ကနေ မနေ့ကအထိ တောက်လျှောက်ဖြစ်လာတယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ သွားလာရေးခက်ခဲနေပြီး လုံခြုံမှုလုံးဝမရှိဘူးဟု ဒေသခံများက ပြောသည်။ ထို့အပြင် အနီးအနားကျေးရွာက အမျိုးသားများအား တပ်မတော်မှ ခေါ်ယူစစ်ဆေးမှုများပါ လုပ်လာနေသည်ဟု မော်ဟန်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက ဆက်ပြောသည်။

“လုံခြုံရေးက အမြဲတမ်းသတိထားနေရတယ်။ နောက်ပြီးအဝင်အထွက်ပေါ့ ကွတ်ခိုင်ကို ဈေးသွားတာတို့၊ ဈေးလာတာတို့၊ တာမိုးညဲဈေးသွားတာ ဈေးလာတာတို့ နဂိုလိုမလွတ်လပ်တော့ဘူး။ တစ်ခါတစ်လေဆိုရင် သွားလို့မရဘူး။ ဖြစ်တာက လမ်းမပေါ်မှာဖြစ်တာ။ မော်ဟန်နဲ့ တာမိုးညဲလမ်းမှာ၊ ပြီးရင် ကွတ်ခိုင်နဲ့ မော်ဟန်ကြား အဲ့လိုမျိုး လမ်းမှာဖြစ်တာများတဲ့အခါကြတော့ လမ်းပိတ်ထားတာ မဟုတ်ပေမယ့် သွားလာရေးက အခက်အခဲရှိနေတယ်။ အခုက အမျိုးသားတွေသွားလာတာမျိုးဆိုရင်လည်း ဖမ်းပြီး စစ်ဆေးတာတွေလုပ်တယ်”

တပ်မတော်က ဒေသအတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် နေရာယူထားသည်ဟု အဆိုပါ ရပ်မိရပ်ဖတစ်ဦးက “လုံခြုံမှု လုံးဝမရှိဘူး။ အခုတိုက်ပွဲကတော့ ကျနော်တု့ိ ဒီတပ်မတော်နဲ့ TNLA ဖြစ်တယ်လို့ ကြားတာပဲ။ ပြီးရင် ဒီမော်ဟန်မှာကျတော့ အမြဲတမ်းလိုလို တပ်မတော်က အစိုးရစာသင်ကျောင်းမှာနေနေတယ်။ ပြီးရင်ရွာမှာ နေနေတယ်။ အခုက ကျောင်းတွေကလည်း တက်လို့မရဘူးပေါ့နော်။ ပိတ်ထားတယ်လို့ပြောတယ်” ဟု ပြောသည်။

အဆိုပါဒေသတွင်း တိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့်အတွက် ကလေးငယ်များ၏ ပညာရေးထိခိုက်မှုရှိပြီး ဒေသအတွင်း သွားလာရေးခက်ခဲမှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများပါ လုပ်ကိုင်ရန် အခက်ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ လူငယ်တစ်ဦးက “ဒီနှစ် ၂၀၁၉ ခုနှစ်မှာ ကျနော်တို့ မော်ဟန်ကျေးရွာအုပ်စုက အခြေအနေမကောင်းဘူးလို့ပြောရမှာပေါ့။ ဒီမှာဖွင့် ထားတဲ့ အစိုးရကျောင်းတွေကလည်း ဖွင့်လိုက်မဖွင့်လိုက်နဲ့ ရွာသားတွေလည်း နှစ်ခါရှိပြီ ထွက်ပြေးနေရတာ။ နောင်းစံကျောင်းကလည်း အတူတူပဲ ပုံမှန်ကို မဖွင့်နိုင်သေးဘူး။ လွန်ခဲ့တဲ့ ဇွန်လတုန်းကလည်း နောင်းစံက ရပ်မိရပ်ဖတစ်ယောက်လည်း မိုင်းနင်းမိပြီး လားရှိုးမှာ အခုထိ ဆေးကုသမှုခံယူ နေရတာပေါ့။ စိုက်ပျိုးရေးလည်း လုပ်လို့မရဘူး အခုချိန်ထိ၊ ပြေးလိုက်ရ ပြန်လာလိုက်ရနဲ့ အဆင်မပြေဘူး။ ဖြစ်နိုင်ရင်တော့ ငြိမ်းချမ်းရင်တော့ ကောင်းမှာပေါ့” ဟု ပြောသည်။

မော်ဟန်ကျေးရွာသည် အိမ်ထောင်စု ၅၀၀ နီးပါးခန့်ရှိပြီး ကချင်၊ ရှမ်း နှင့် တရုတ်လူမျိုးများ အဓိကနေထိုင်သည်။ ဒေသခံများအနေဖြင့် ကျေးရွာများအနီးတဝှိုက် တိုက်ပွဲများ မဖြစ်ပွားစေလိုကြောင်း၊ ကလေးငယ်များအား ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းများအမြန်ဆုံးပြန်ဖွင့်ပေးစေလိုသည်ဟု ပြောသည်။

သြဂုတ်လ ၁၂ ရက်နေ့ (ယနေ့)တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် PSLT/TNLA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA)၊ ရက္ခိုင့်တပ်တော်(ULA/AA) တို့က မိမိတို့ ညီနောင်သုံးဖွဲ့ လှုပ်ရှားနေသော မြန်မာပြည်မြောက်ပိုင်း နှင့် ရခိုင်ဒေသများတွင် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်တန့်ပေးရန် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုထားသည်။