မွန်ရေကြီးမှု လူ ၇၀ ကျော်သေ၊ သိန်းသောင်း တစ်သောင်းကျော် ဆုံးရှုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ် ၁၄ ရက်။
မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၅ ရက်အတွင်း လူဦးရေ ၇၀ ဦး သေဆုံးပြီး၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၂၀၀၀ ကျော်ရှိသည် ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ တစ်ပြည်နယ်လုံးတွင် သံဃာ ၂ ပါးနှင့် လူ ၆၈ ဦး သေဆုံးပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁,၂၀၀,၉၆၉,၀၀၀ ရှိသည် ဟု မွန်ပြည်နယ်အစိုးရ၏ သြဂုတ်လ ၁၄ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည့် ပျက်စီးဆုံးရှုံးမှုအခြေအနေ စာရင်းအရ သိရသည်။
ပျက်စီးဆုံးရှုံးမှုများအနက် နေအိမ်ပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ပြီး လူနေအိမ်များ ပျက်စီးခြင်း၊ ဘုန်းတော်ကြီးကျောင်းများပြိုကျခြင်း၊ အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ လမ်းများပျက်စီး၊ စိုက်ပျိုးသီးနှံများ ပျက်စီးမှု၊ ထရန်ဖော်မာနှင့် ဓာတ်မီးတိုင်ပျက်စီးမှုလည်း ရှိသည်။
ပြိုကျပျက်စီးသွားသည့် နေအိမ်များကို ပြည်နယ်အစိုးရအနေနှင့် ပြန်လည်တည်ဆောက်ပေးသွားမည်ဟုလည်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။
“ပြည်နယ်အစိုးရအနေနဲ့ ပြိုသွားတဲ့အိမ်တွေကို အသစ်ပြန်ဆောက်ပေးမယ်၊ အဲဒီအတွက်ကိုလည်း မြေနေရာရှာနေတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။
မွန်ပြည်နယ်အတွင်း ယခုရက်ပိုင်းတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်သည့်ဖြစ်စဉ်အပြင် တောင်ပြိုမြေပြိုသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ခြင်းသည်။ ထိုကဲ့သို့ ဖြစ်ရသည့် အဓိကအကြောင်းအရင်းသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကာလတိုအတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။
မွန်ပြည်နယ်တွင် သြဂုတ်လ ပထမအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နှင့် တောင်ကျချောင်းရေများကြောင့် ပြည်နယ်တစ်ခုလုံးနီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အထူးသဖြင့် သြဂုတ်လ ၉ ရက်နေ့မှစကာ မော်လမြိုင်၊ သံဖြူဇရပ်၊ ပေါင်၊ ရေးနှင့် ကျိုက်မရောမြို့ နယ်တို့တွင် ရေကြီးနစ်မြုပ်မှုဆိုးရွားစွာ ဖြစ်ပွားခဲ့သည်။
အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ သိန်းနှင့်ချီ ရေဘေးသင့်ခဲ့ရပြီး လူဦးရေ ၃ သောင်းခန့်က ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရသည်ထိ ဖြစ်ခဲ့သည်။
သြဂုတ်လ ၁၄ ရက်နေ့ထိ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အတော်များများတွင် ရေများပြန်ကျနေသော်လည်း ကျိုက်မရောမြို့ နယ်အတွင်း ရေများ ဆက်လက်မြှင့်တက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာပေါင်း ၃၀ ခန့်တို့တွင် ရေကြီးနစ်မြုပ်လျက်ရှိကာ လူဦးရေ ၅၀၀၀၀ နီးပါး ရေဘေးသင့်နေသည် ဟု ကျိုက်မရောဒေသခံများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့ များက ပြောသည်။