မွန်ပြည်နယ် ရေကြီးဒဏ်ကြောင့် စာသင်ကျောင်း ရာနှင့်ချီ၍ ပြန်မဖွင့်နိုင်သေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်။
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးရွားစွာဖြစ်ပွားခဲ့သည့် ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ်မှ စာသင်ကျောင်းများ ဆက်ပိတ်ထားရဆဲဟု မွန်ပြည်နယ်ပညာရေးမှူးရုံးက ပြောသည်။
“လတ်တလော ပိတ်ထားရတဲ့ကျောင်းစာရင်းက (၂၀၀/၃၀၀) ရှိနေနိုင်သေးတယ်၊ ရေးဆိုရင် မဖွင့်နိုင်သေးဘူး နောက်တစ်ခါ ကျိုက်မရောဆိုရင် မဖွင့်နိုင်သေးဘူး။ အဲလိုအနေအထားရှိနေတယ်။ နောက် ကယ်ဆယ်ရေး စခန်းတွေ ကျောင်းတွေမှာဖွင့်ထားရတဲ့အခြေအနေရှိတယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။
ရေးမြို့ နယ်တွင် စာသင်ကျောင်းပေါင်း ၁၄၀ ကျောင်းခန့်ရှိပြီး ကျိုက်မရောမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၅၀ ကျောင်းခန့်ရှိသည်ဟု ပြည်နယ်ပညာရေး မှူးရုံးရှိ စာရင်းများအရ သိရသည်။
မွန်ပြည်နယ်တွင် သြဂုတ်လပထမအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေစီးဆင်းလာခြင်းတို့ကြောင့် သြဂုတ်လ ၉ ရက်နေ့မှစပြီး စာသင်ကျောင်းအချို့ စတင်ပိတ်ခဲ့ရာ သြဂုတ်လ ၁၁ ရက်နေ့ထိ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံနှင့် မော်လမြိုင်မြို့နယ်တို့မှ စာသင်ကျောင်းပေါင်း ၆၁၁ ကျောင်းထိ ပိတ်ထားခဲ့ရသည်။
သြဂုတ်လ ၁၂ နေ့မှစပြီး နေရာအတော်များများရေများပြန်ကျလာသည့်အတွက် ယာယီပိတ်ထားရသည့် ကျောင်းများအနက်မှ သံဖြူဇရပ်၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်မြို့နယ်တိ့ုမှ ပိတ်ထားရသည့်ကျောင်းများ သြဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ ပြန်ဖွင့်လှစ်နိုင်ခဲ့သည်။
သို့သော်လည်း ရေလုံးဝပြန်မကျသေးသည့် ကျိုက်မရောမြို့ နယ်နှင့် ရေးမြို့နယ်မှ ကျောင်းများပိတ်ထားရဆဲဖြစ်သလို အချို့ သောမြို့နယ်များမှလည်း ကျောင်းအချို့ ပြန်မဖွင့်နိုင်သေးဘူး ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြန်ဖွင့်နေသည့် ကျောင်းများအတွက် ရေကြီးနစ်မြုပ်ထားသည့်အတွက် ရှင်းလင်းရေးကို တပ်မတော်၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ကယ်ဆယ်ရေးအဖွဲ့အစည်း ဒေသခံတို့၏ အင်အားဖြင့် သန့်ရှင်းရေးအပိုင်းကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပညာရေးမှူး က ပြောသည်။
ရေမြုပ်ခဲ့သည့်ကျောင်းများကို ပျက်စီးစာရင်းအသေးစိတ်ကောက်ခံလျက်ရှိပြီး လက်ရှိကောက်ခံရရှိထားသည့် စာရင်းအရ ပျက်စီးမှုတန်ဖိုး ကျပ်သိန်း ၁၁၀၀ ကျော်ရှိကြောင်း အဆိုပါစာရင်းကို ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ဒေါက်တာချိုချိုမြတ်အောင်က ပြောသည်။
၎င်းအပြင် ရေမြုပ်ပြီး ပြန်လည်ဖွင့်လှစ်နေသည့် ကျောင်းများအတွက် သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိသည်ဟု ပြောသည်။
“လက်ရှိအခြေအနေကတော့ ကျောင်းတွေရော အိမ်တွေ မြုပ်နေတယ်၊ တချို့ အိမ်တွေဆိုရင် ခေါင်မိုးလောက်ပဲ ပေါ်တယ်၊ လူတွေလည်း အကုန်ဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်” ဟု ကျိုက်မရောမြို့နယ်မှ ဒေသခံ ဒေါ်တင်ဝင်းက ပြောသည်။
တစ်ပြည်နယ်လုံးတွင် စာသင်ကျောင်းပေါင်း ၁၅၀၆ ကျောင်းရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
သြဂုလပထမအပတ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုကြောင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့ နယ်တို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် လူသိန်းနှင့်ချီ ရေဘေးသင့်ခဲ့ပြီး လူဦးရေ ၃ သောင်းခန့်ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရသည်။
ထို့အပြင် ပေါင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့်လည်း လူ ၇၀ နီးပါး သေဆုံးမှု ရှိခဲ့သည်။