မလတ်တောင်ပြိုမှု အလောင်း ၆၄ လောင်းရထားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်။

မွန်ပြည်နယ် ပေါင်မြို့ နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် နောက်ဆုံးရှာဖွေကယ်ဆယ်မှုစာရင်းအရ သေဆုံးသူ ၆၄ ဦးထိရှိပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်မှုအား ဆက်လက်လုပ်ဆောင် လျက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ က ပြောသည်။

တောင်ပြိုကျမှုကြောင့် သြဂုတ်လ ၁၃ ရက်နေ့ (ယနေ့) ညနေ ၄ နာရီအချိန်ထိ ရှာဖွေကယ်ဆယ်မှုစာရင်းအရ သံဃာတစ်ပါးအပါအဝင် သေဆုံးရုပ်အလောင်း ၆၄ လောင်း ရှာဖွေတွေ့ရှိထားပြီး အဆိုပါအလောင်း ၆၄ လောင်းထဲတွင် ဒေသခံမဟုတ်သည့် အလောင်း ၈ လောင်းပါသည်ဟု ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထို့ကြောင့် သေဆုံးရုပ်အလောင်းများ ကျန်ရှိနေနိုင်သေးသည့်အတွက် ရှာဖွေကယ်ဆက်မှုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကပြောသည်။

“ဆက်ပြီးတော့ (လူသေအလောင်း) ကျန်ကောင်းကျန်နေနိုင်သေးတဲ့အတွက် အဲဒီနေရာကို ကျနော်တို့ ဆက်ပြီးတော့ ရှာဖွေမှုဆက်လုပ်နေဆဲ ဖြစ်တယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

တောင်ပြိုမှုထဲ ပါသွားသည့် အိမ်ခြေ ၂၇ လုံးမှ လူဦးရေ ၁၆၉ ဦးရှိ ပြီး အဆိုပါ လူ ၁၆၉ ဦးထဲမှ အသက်ရှင်သူ ၁၀၅ ဦးရှိသည့်အတွက် စာရင်းရှိ လူအရေအတွက်အရ ပျောက်ဆုံးသူ ၆၄ ဦးရှိသည့်အပြင် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ယင်းနေရာသို့ ရောက်ရှိနေသည့် ပြင်ပမှ လူအချို့ လည်း သေဆုံးမှုထဲပါသွားသည် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

“စုစုပေါင်း ၁၆၉ ဦးပေါ့နော် ဒီ ၁၆၉ ဦးက အဲဒီမှာနေနေတဲ့လူတွေ နောက်ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ အဲနေရာကို ရောက်နေတဲ့လူတချို့လည်း သေဆုံးတဲ့အထဲ ပါပါတယ်။ အဲဒီလူတွေကို ပြင်ပသေဆုံးတယ်ဆိုပြီး သတ်မှတ်ထားတယ် သေဆုံးတာ ၈ ဦးရှိတယ်” ဟု ဝန်ကြီးချုပ် က ပြောသည်။

တောင်ပြိုမှုဖြစ်သွားသည့်နေရာတွင် ဆက်လက်နေထိုင်ရန် သင့်၊ မသင့်ကိုလည်း ဘူမိဗေဒပညာရှင်များ၏ အကူအညီဖြင့် စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း လတ်တလောတွင် တောင်အခြေအနေနှင့် ပတ်သက်ပြီး ပြောဆိုရန် စောသေးသည်ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

ယခုပြိုကျသွားသည့် မလတ်တောင်သည် ကျောက်မြေရောတောင်ဖြစ်ပြီး ပြိုရသည့် အဓိက အကြောင်းအရင်းသည် မိုးရွာသွန်းမှုများခြင်းကြောင့်ဖြစ်ကြောင်း သို့သော် တောင်တူးမှုသည်လည်း တောင်ပြိုရသည့် ဖြစ်စဉ်တစ်ခုအနေနှင့် စဉ်းစားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

တောင်ပြိုမှုဖြစ်စဉ်တွင် ပါသွားသည့် မိသားစုများမှ ကျန်ရစ်သူများကို ပြည်နယ်အစိုးရမှ တစ်အိမ်ထောင်လျှင် ကျပ် ၅ သိန်း ထောက်ပံ့ပေးထားပြီး ပျက်ဆီးသွားသည့် အိမ်များကိုလည်း ပြန်လည်ဆောက်ပေးသွားမည်ဟု ပြည်နယ်အစိုးရက ပြောသည်။

“ကျမတို့ မိသားစု ၁၄ ဦးထဲမှာ ၆ ဦးအလောင်း ပြန်ရထားတယ်၊ ကျန်တဲ့အလောင်းတွေ မတွေ့သေးဘူး၊ ကျန်တဲ့သူတွေလည်း အသက်ရှင်ဖို့ မမျှော်လင့်တော့ဘူး” ဟု တောင်ပြိုကျမှုဖြစ်စဉ်တွင် မိသားစုဝင် ၁၄ ဦး ဆုံးရှုံးခဲ့ရသူ မသန်းထွေးက ပြောသည်။

လက်ရှိတွင် လူသေအလောင်းအပြင် ၂၂ ဘီးမော်တော်ယာဉ် ၅ စီး အပါအဝင် မော်တော်ယာဉ် ၁၀ စီး၊ ထော်လာဂျီ ၂ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီးနှင့် ငွေစက္ကူ၊ ရွှေထည်ပစ္စည်းများ ရှာဖွေတွေ့ရှိထားပြီး ပိုင်ရှင်ရှိ အချို့ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံထားကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် သဲဖြူကုန်းကျေးရွာ၌ တောင်ပြိုကျမှုဖြစ်ပွားရာ လူနေအိမ် ၂၇ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအပြင် မုတ္တမတွင် ကားလမ်း ရေကျော်လို့ လမ်းပိတ်ဆို့ထားစဉ် ရပ်နားထားသည့် ကားများဖုံးလွှမ်းသွားခဲ့သည်။

တောင်ပြိုမှုဖြစ်ပွားသည့်နေရာကို စက်ယန္တယားအလုံအလောက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ အင်အား ၅၀၀ ခန့်ဖြင့် ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။