နေရပ်ပြန်ရန် ငြိမ်းချမ်းရေး ခိုင်မာရန် စစ်ရှောင်များလိုလား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်။
နေရပ်ပြန်ရမည်ဆိုပါက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရကြား ငြိမ်းချမ်းရေး အခြေအနေနှင့် နေရပ်ပြန်ပါက ထောက်ပံ့မည့် အခြေအနေတို့အပါအဝင် လိုလားချက် ၅ ချက်ကို ကချင်စစ်ရှောင်များက တောင်းဆိုလိုက်သည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ရှောင်ပြည်သူများက ကရုဏာအဖွဲ့ (KMSS) မှ ဦးဆောင်ကျင်းပသည့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲတွင် တင်ပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ဝိုင်းမော်မြို့၊ မိုင်းနား ရိုမန်ကက်သလစ် RC စစ်ရှောင်စခန်း တာဝန်ခံ ဦးဂွမ်ဆိုင်းက “စစ်ရှောင်စခန်းမှာနေတာ ကြာလာတာနဲ့အမျှ ဆုံးရှုံးမှုတွေ နစ်နာမှုတွေအရမ်းများလာတယ်၊ ဒါ့ကြောင့် အမြန်ဆုံးငြိမ်းချမ်းရေးရဖို့ ဆွေးနွေးကြစေချင်ပါတယ်။ ကျနော်တို့ အိမ်ပြန်လို့ရပြီဆိုတဲ့အချိန်မှာလည်း မြေမြှုပ်မိုင်း ပြဿနာတွေကို ရှင်းလင်း ပေးဖို့၊ ပြန်လည်နေရာချထားရေးအတွက် အစစ အရာရာ စနစ်တကျစီစဉ်ပေးဖို့၊ နောက်ပြီး အခြေအနေတစ်ခု ရောက်တဲ့အထိ စားဝတ်ရေးကအစပေါ့ ပံ့ပိုးကူညီပေးဖို့၊ ကလေးတွေပညာရေး၊ စစ်ရှောင်တွေရဲ့ ကျန်းမာရေး အားလုံးပေါ့ ကောင်းကောင်းမွန်မွန်စီစဉ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ” ဟု ပြောသည်။
ဝိုင်းမော်စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် အစိုးရထံ တောင်းဆိုလိုက်သည့် အချက်များမှာနံပါတ်တစ် အစိုးရနှင့်ကေအိုင်အိုကြားအတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းရေးအား ချပြပေးရန်၊ နံပါတ်နှစ် မိမိမူရင်းဒေသတွင် အဘယ်စစ်တပ်မျှမလိုလားကြောင်း၊ နံပါတ်သုံး စစ်ရှောင်များမူရင်းဒေသတွင် လုပ်ကိုင်စား သောက်ခဲ့သော ဥယျာဉ်ခြံမြေ၊ လယ်ယာမြေများအား ဥပဒေနှင့်အညီ အလျင်အမြန်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
“ကျနော်တို့ နေရပ်ပြန်ရောက်တဲ့အခါမှာလည်း တပ်မတော်က ကျနော်တို့ကို လွတ်လွတ်လပ်လပ်သွားလာခွင့် ပေးဖို့ပေါ့၊ ဟိုမသွားရ ဒီမသွားရဆိုတာမျိုး တားဆီးတာမျိုးတွေလည်း မလုပ်စေချင်ဘူး။ လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့်ပေးစေချင်တယ်။ နေရာကန့်သတ်တာမျိုး၊ အချိန်ကန့်သတ်တာမျိုးတွေ လုံးဝမလုပ်ဖိုပေါ့” ဟု ဦးဂွမ်ဆိုင်းက ဆက်ပြောသည်။
စစ်ဘေးရှောင်ပြည်သူများ တောင်းဆိုသည့် နံပါတ်လေး အချက်မှာ စစ်ရှောင်များ မူရင်းနေရပ်သို့ပြန်ရောက်ချိန်တွင် အိုးအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ ဆောက်လုပ်ပေးခြင်း၊ သန့်ရှင်းသော သောက်သုံး ရေရရှိ ရန်ဆောင်ရွက်ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မိုင်းရှင်းလင်း ပေးခြင်းနှင့် နံပါတ်ငါးအချက်အနေဖြင့် စစ်ရှောင်များ နေရပ်ပြန်ချိန် ပျက်စီးဆုံးရှုံးသွားသည့် အိုးအိမ်များနှင့် အခြားနစ်နာမှုများအား အကန့်အသတ်မရှိ တပြေးညီ သတ်မှတ်ကာ ထောက်ပံ့ပေးရန် မျှော်လင့်ကြောင်း စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ၏ အသံများအား အစိုးရထံ တင်ပြနိုင်ရန်အတွက် ကရုဏာအဖွဲ့ KMSS က စစ်ဘေးရှောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် စစ်ဘေးရှောင်များက ပြောသည်။
အခမ်းအနားတွင် စစ်ဘေးရှောင်များအနေဖြင့် လက်ရှိနိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေများကို သိရှိနားလည်ပြီး အစိုးရနှင့် ကချင်ဒေသစစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC အဖွဲ့ အပြင် အခြားသော အရပ်ဘက်လူမှုအဖွဲ့အစည်း CSO များ၏ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ကြိုးစားနေမှုများကို ရှင်းပြခဲ့သည်ဟု သိရသည်။
ဝိုင်းမော် KBC စစ်ရှောင်စခန်းမှ ဦးတန်ဇဲ က “KBC ရုံးချုပ်ကနေ အစည်းအဝေးလုပ်ပြီး အဆင်ပြေပြီဆိုမှ ပြန်မှာပါ။ လောလောဆယ်တော့ KHCC ကတော့ ဘာမှ စာရင်းလာကောက်တာတော့ မရှိသေးဘူး။ ကျနော်တို့က ဆမား၊ ဆဒုံး အဲ့ဘက်က ပြောင်းလာတာ၊ အခုထိတော့ ကျနော်တို့ဒေသကိုက လုံးဝပြန်လို့ မရဘူး။ မြန်မာစစ် တပ်က ရှိနေတုန်းပဲ၊ လုံခြုံရေး မရှိသေးဘူး။ အိမ်တွေကလည်း ပျက်ကုန်ပြီ။ မိုင်းတွေလည်း ရှိတယ်။ ပြန်လို့မဖြစ်သေးဘူး” ဟု ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းအချို့တွင် အစိုးရမှ နေရပ်ပြန်လိုသူများအနေဖြင့် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သြဂုတ်လဆန်းပိုင်းတွင် အကြောင်းကြားစာများ ပေးပို့ထားသည်ဟုလည်း စစ်ဘေးရှောင်စခန်း တာဝန်ခံများက ပြောသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးနှင့် မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များအား လိုအပ်သည်များ ကူညီနိုင်ရန် သြဂုတ်လအတွင်း စတင်ပြီး ကွင်းဆင်းဖို့ စီစဉ်ထားသော်လည်း ဒီကနေ့ အချိန်ထိ မလုပ်ဆောင်နိုင်သေးဟု KHCC က ပြောသည်။
ကချင်ဒေသစစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC အဖွဲ့ ဒု-အတွင်းရေးမှူး (၁) Father နော်လတ်က “ကျနော်တို့က တစ်ဦးချင်းလုပ်မှာမဟုတ်ဘူး။ အစိုးရနဲ့ ပေါင်းပြီး ကွင်းဆင်းဖို့ဆိုတဲ့ဟာ ရှိပါတယ်။ အစိုးရအနေနဲ့ကတော့ အခုချိန်ထိ သူတို့အချိန်ပေးတဲ့အပေါ်မှာ မူတည်ပြီး လုပ်ရမှာဆိုတော့လေ သူတို့ကို စောင့်နေတုန်းပါ။ ဝိုင်းမော်ဘက်က စစ်ရှောင်တွေကလည်း အစိုးရကို အချက် ၅ ချက်တောင်းဆို ထားတယ်ဆိုတော့ ဒါတွေလည်း အစိုးရနဲ့ ပြန်တွေ့မှ သိရမှာပါ” ဟု ပြောသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အစိုးရ၊ KHCC၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကြိုးစားညှိနှိုင်းများမှု၊ ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းအပေါ် စစ်ရှောင်များအနေဖြင့် ကြိုဆိုကြောင်း သို့သော်လည်း နေရပ်ပြန်မည့် စစ်ဘေးရှောင်များ၏ အသံများ သဘောထားများကို အလေးထားသင့်ကြောင်း၊ ဆွေးနွေးမှုအဆင့်ဆင့်တွင် ပါဝင်ဆွေးနွေးခွင့်ပေးသင့်ကြောင်းနှင့် ဆွေးနွေးပွဲရလာဒ်များအား စစ်ရှောင်များအား ချပြခြင်းသင့်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
သြဂုတ်လ (၇) ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးကို KMSS က ဦးဆောင်ခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ၊ လော်ဝေါ်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ၊ ဝိုင်းမော်(မူရင်း) နှစ်ခြင်း အသင်းတော် IDPs Camp မှ စစ်ဘေးရှောင်းများ၊ ဝိုင်းမော်ဒေသရှိ ရိုမန်ကက်သလစ် အသင်းတော် RC Camp ၃ ခုမှ စစ်ဘေးရှောင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။