ကျိုက်မရောတွင် အိမ်ထောင်စု တစ်သောင်းကျော် ရေဘေးသင့်လျက်ရှိနေသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်။

မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်အတွင်းက ရပ်ကွက်/ကျေးရွာပေါင်း ၃၁ ခုတွင် ရေကြီးနစ်မြုပ်လျက် ရှိကာ လူဦးရေ ၅၅၀၀၀ ကျော် ရေဘေးသင့်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ကျိုက်မရောမြို့ နယ်အတွင်း ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေခြင်းနှင့် အတ္ထရံမြစ်ရေ မြင့်တက် လာခြင်းတို့ကြောင့် မြစ်ကမ်းတစ်လျှောက်နှင့် အနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများ ရေဝင်လာပြီး သြဂုတ်လ ၁၅ ရက်နေ့ထိ ရပ်ကွက်/ကျေးရွာပေါင်း ၃၁ ခန့်တို့မှ အိမ်ထောင်စု ၁၀၀၀၀ ကျော်၊ လူဦးရေ ၅၅၀၀၀ ကျော် ရေကြီး နစ်မြုပ်လျက်ရှိ နေသည်။

NMG 1

ရေဘေးသင့်ပြည်သူများအနက်မှ လူဦးရေ ၂၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်း ၁၃ ခုသို့ ပြောင်းရွှေ့ ထားသည်ဟုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

“အဓိက အတ္တရံမြစ်ကြောင်းတစ်လျှောက်ရှိ ရပ်ကွက် ကျေးရွာတွေမှာ ရေကြီးနစ်မြုပ်မှုဖြစ်နေတာပါ၊ လက်ရှိမှာ ကားလမ်းကနေ ကျိုက်မရောသွားဖို့ အခက်အခဲရှိနေသလို ကျိုက်မရောကနေ ဆက်သွားဖို့ စက်လှေတွေ အခက်အခဲရှိနေပါတယ်” ဟု ကျိုက်မရောဒေသခံ နိုင်ရဲဇော် က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သွားလာရေးခက်ခဲနေသည့် မြစ်ကမ်းတစ်လျှောက်က ကျေးရွာများသို့ ကယ်ဆယ်ရေးပစ္စည်းများ ဆွဲဖောင် (ဇက်) ဖြင့် ပို့ဆောင်နိုင်ရန် စီစဉ်ထားသည်ဟုလည်း ပြည်နယ်အစိုးရမှ သိရသည်။

၎င်းအပြင် လတ်တလောအခြေအနေအရ အတ္တရံမြစ်ရေ အရှိန်မြင့်တက်နေမှုကြောင့် မြစ်ရေစီးသန်နေခြင်း၊ ရေဘေးအန္တရာယ် စိုးရိမ်ရခြင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း အခက်အခဲရှိနိုင်ခြင်းတို့ကြောင့် ရေဘေး သင့်ကျေးရွာများသို့ အနယ်နယ်အရပ်ရပ်မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခြင်းကို သည်းခံပေးရန် လည်း ပြည်နယ်အစိုးရက မေတ္တာရပ်ခံထားသည်။

ရေကြီးနစ်မြုပ်နေသည့် ရပ်ကွက်/ကျေးရွာ ၃၁ ခန့်အနက်မှ အချို့ သောရပ်ကွက်များနှင့် ကျေးရွာများသည် ရွာလုံးကျွတ်ရေမြုပ်နေကြောင်းနှင့် ကားလမ်းပိုင်းအချို့ ရေမြုပ်နေသည့်အတွက်လည်း သွားလာရေး အခက်အခဲရှိနေသည်။

NMG 3

အထူးသဖြင့် ကျေးရွာများနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ရန်နှင့် ရိက္ခာပို့ဆောင်နိုင်ရန် အခက်အခဲဖြစ်နေသည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ကျိုက်မရောမြို့ နယ်အတွင်းတွင် အတ္ထရံမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် အနိမ့်ပိုင်းရှိ ကျေးရွာများ၊ ရပ်ကွက်များတို့တွင် နှစ်စဉ် ရေကြီးနစ်မြုပ်မှုဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်သည် အခြေအနေပိုဆိုးနေသည်ဟု ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ပြောသည်။

ရေဘေးသင့်နေသူများကို ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့မှုများပြုလုပ်နေသည့်အပြင် လူမှုရေးအဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် အနယ်နယ်အရပ်ရပ်က ပြည်သူတို့ကလည်း ကူညီထောက်ပံ့လျက်ရှိသည်။

NMG 2

မွန်ပြည်နယ်တွင် သြဂုလပထမအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နှင့် တောင်ကျချောင်းရေများကြောင့် ပြည်နယ်တစ်ခုလုံးနီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ရေးနှင့် ကျိုက်မရောမြို့နယ် အခြေအနေမှာ အလွန်ဆိုးရွားစွာဖြစ်ခဲ့ကြောင်း ရေကြီးနစ်မြုပ်မှုကြောင့် လူသိန်းနှင့်ချီ ရေဘေးသင့်ခဲ့ရပြီး လူဦးရေ ၃ သောင်းခန့်က ဘေးလွတ်ရာကို ပြောင်းရွှေ့ခိုလှုံခဲ့ရသည်ထိ ဖြစ်ခဲ့သည်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် သြဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့ထိ သံဃာတော် ၂ ပါး ပျံလွန်တော်မှုခဲ့ပြီး အရပ်သားပြည်သူ ၆၈ ဦး သေဆုံးကြောင်း၊ သံဃာတော် တစ်ပါးနှင့် အရပ်သားပြည်သူတစ်ဦး ဒဏ်ရာရရှိကာ၊ လူတစ်ဦးထပ်မံပျောက်ဆုံးနေသည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အတွင်းရေကြီးနစ်မြှုုပ်မှုကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၁၂၀၀၀ ကျော် (၁,၂၀၀,၉၆၉,၀၀၀) ရှိကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။