မွန်တော်လှန်ရေးနေ့ဗဟို အခန်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်။
မွန်တိုင်းရင်းသားများ လွတ်မြောက်ရေးအတွက် မျိုးဆက်သစ်မွန်လူငယ်များတွင် အဓိက တာဝန်ရှိကြောင်း ပန်းတိုင်ရောက်သည်အထိ လူငယ်များအနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မွန်လူငယ်များက (၇၂) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားတွင် ပြောသည်။
“ကျနော်တို့ ဘာကြောင့်တော်လှန်ရေးလုပ်ရတာလဲဆိုတော့ ကျနော်တို့လူမျိုး မလွတ်လပ်သေးလို့၊ ကျနော်တို့ ဖိနှိပ်ခံနေရလို့၊ တော်လှန်ရေးလုပ်ရတာ။ တော်လှန်ရေးလုပ်ဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ ကျနော်တို့ ဆက်လုပ်သွားမယ်။ ကိုယ်စီကျရာတာဝန်နဲ့ တိုင်းရင်းသားအခွင့်အရေး၊ ကိုယ့်လူမျိုး လွတ်လပ်ဖို့အတွက် ကျနော်တို့ ဆက်လုပ်သွားကြမယ်” ဟု ဟု ပွဲကျင်းပရေး ကော်မတီ ခေါင်းဆောင် မင်းဇာနည်ဦးက ပြောသည်။
မွန်တိုင်းရင်းသားများသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရထံ တောင်းဆိုခဲ့ရာ ဒီနေ့အချိန်ထိ မရရှိသေးကြောင်း၊ ထို့ကြောင့် ရရာအခန်းကဏ္ဍကနေ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည် ဟု မွန်လူငယ်များက ပြောသည်။
“ကိုယ့်လူမျိုးလွတ်မြောက်ရေးအတွက် ကျနော်တို့ခေါင်းဆောင်တွေ အများကြီးပေးဆပ်ခဲ့ကြပြီးပြီ အခုကျနော်တို့ လက်ထက်ရောက်လာပြီ။ ကိုယ့်အမျိုးသားလွတ်မြောက်ရေးအတွက်က ကိုယ့်မှာလဲ တာဝန်ရှိတယ် အထူးသဖြင့်တော့ ကျနော်တို့လူငယ်တွေပေါ့” ဟု အခမ်းအနားသို့ တက်ရောက်လာသည့် မွန်လူငယ် မင်းချမ်းရော့က ပြောသည်။
မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် (၇၂) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို အမျိုးသား လွတ်မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင် အုတ်ဂူများတည်ရှိရာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရ သာသနာ့ဝင်းထဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝါခေါင်လပြည့်နေ့ (သြဂုတ် ၁၅ ရက်နေ့) တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်သွေးချွေးစတေးခဲ့ကြသည့် ခေါင်းဆောင်များကို ဂါရဝပြုရန်နှင့် လူငယ်များ တော်လှန်ရေးစိတ်ဓာတ် ရှင်သန်နေရန်အတွက် ကျင်းပခြင်း ဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။
“တော်လှန်ရေးကာလတစ်လျှောက်မှာ အသက်ပေးသွားခဲ့ကြတဲ့ ခေါင်းဆောင်တွေကို ကျနော်တို့ ဂါရဝပြုမယ်၊ ဒါတင်မကဘူး ကျနော်တို့ ခေါင်းဆောင်တွေ အသက်ပေး ကြိုးပမ့်ခဲ့တဲ့ တော်လှန်ရေး အသီးအပွင့်တွေကို ဆက်လက်ထိန်းသိမ်းပြီးတော့ ပန်းတိုင်ရောက်တဲ့ထိ ကျနော်တို့ ဆက်ကြိုးပမ်းသွားမယ်” ဟု မင်းဇာနည်ဦးက ဆက်ပြောသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အတွင်းမှ မွန်လူငယ်များ မွန်လူထုများ အင်အားထောင်ချီ တက်ရောက်ခဲ့သည်ဟု ပြောသည်။
မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပသည့် ဗဟိုအခမ်းအနားအပြင် မွန်ပြည် သစ်ပါတီ(NMSP) ကလည်း ပါတီ ဗဟိုဌာနချုပ်နှင့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင် အစရှိသည့် ခရိုင်အဆင့်နှင့် မြို့ နယ်အဆင့်တို့တွင်လည်း ကျင်းပခဲ့ကြသည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားများသည် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရန်အတွက် ဖဆပလ အစိုးရထံ ဥပဒေဘောင်အတွင်း နှစ်ရှည်လများ တောင်းဆိုခဲ့သော်လည်း မရခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်အဖွဲ့တို့က မော်လမြိုင်အရှေ့ ခြမ်း ဇာသပြင်ကျေးရွာရှိ ရဲစခန်းအပါအဝင် ဂျိုင်းမြစ်တစ်လျှောက်ကျေးရွာကြီးတွင်ရှိသည့် ကာကွယ်ရေးလက်နက်များကို စီးနင်းသိမ်းပိုက်ခဲ့ရာမှ မွန်တော်လှန်ရေး အစပျိုးခဲ့သည်ဟု သိရသည်။
အဆိုပါ မွန်တော်လှန်ရေးအစပျိုးခဲ့သည့် ဝါခေါင်လပြည့်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူတို့က နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။