နောက်တကြိမ်ရုံးချိန်းတွင် ကရင်နီလူငယ် ခြောက်ဦးအား စွဲချက် အမိန့်ချမှတ်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်။
ကယားပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁၀) ဖြင့် အမှုဖွင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် (၆) ဦးကို လွိုင်ကော်မြို့နယ် တရားရုံးတွင် ယနေ့ရုံးထုတ်ခဲ့ပြီး လာမယ့် သြဂုတ်လ (၂၆) ရက်နေ့တွင် စွဲချက်အမိန့်ချမည်ဖြစ်သည်။
ကရင်နီလူငယ် ၆ ဦး အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးစောခူးတလေက “ဒီနေ့က တရားလို သက်သေတွေကို စစ်ဆေးပြီးတော့ စွဲချက်တင်သင့်မတင်သင့် လျှောက်လွှဲချက် တင်ကြတာပေါ့လေ။ လာမယ့် ၂၆ ရက်နေ့ကျရင် စွဲချက်အမိန့်ချမယ်။ တကယ်လို့ စွဲချက်မတင်ဘူး ဆိုရင်တော့ ၆ ဦးကို တရားရှင် ပြန်လွှတ်ရမှာပေါ့။ တကယ်လို့ စွဲချက်တင်မယ်ဆိုရင်တော့ စွပ်စွဲခံရတဲ့လူဘက်ကနေ ကျန်တဲ့တင်သွင်းလာမယ့် သက်သေတွေကို အမှုဆက်စစ်မှာပေါ့” ဟု ပြောသည်။
အမှုရင်ဆိုင်နေရသူများမှာ ကရင်နီလူငယ် (၆) ဦးဖြစ်သည့် ခူးကြူးဖဲကေး၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။
ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်က လွိုင်ကော်မြို့မရဲစခန်းတွင် ကရင်နီလူငယ် (၆) ဦးကို ပုဒ်မ ၁၀ ဖြင့် မေလ ၁၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
“အဓိကတော့ တရားလိုသက်သေထွက်ဆိုချက်ပေါ်မူတည်ပြီးတော့ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်မှာလည်း အများကြီးမူတည်တာပေါ့။ သူတို့က ကျန်းမာရေးတော့ ကောင်းကြပါတယ်။ ဒါပေမယ့် အချုပ်ထဲမှာနေတာဆိုတော့ အဆင်ပြေတာတော့ မရှိဘူးပေါ့” ဟု တရားလွှတ်တော် ရှေ့နေ ဦးစောခူးတလေက ဆက်ပြောသည်။
လူငယ် (၆) ဦးထဲမှ ခူးကြူးဖဲကေး (ခ) ဂူးဂူးအား ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး၊ ကျန်သည့် (၅) ဦးမှာ ဇွန်လ ၂၁ ရက်နေ့က လွိုင်ကော်မြို့၊ ကေ့ထျိုးဘိုးခန်းမတွင် ကျင်းပသည့် ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားအပြီးတွင် အဖမ်းခံခဲ့ခြင်းဖြစ်သည်။
ပြည်နယ်အစိုးရနှင့် လူငယ်များအင်အားစုများအကြား ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ရွှေ့ပြောင်းပေးရေး ညှိနှိုင်းရာမှ ဝန်ကြီးချုပ်မှ မရွှေ့ပြောင်းပေးနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ လူငယ်များအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေခြင်းသည် တည်ဆောက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေသည်သာမက ယုံကြည်မှုတည်ဆောက်နေမှုများပါ ထိခိုက်လာသည်ဟု တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။
မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက “တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်ရုပ်ကို အသိအမှတ်ပြုချင်တယ်။ မြှောက်စားချင်တယ်။ ဒါကို အသိအမှတ်မပြုဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြေးရုပ်ကြီးဘဲ လိုက်ပြီးတော့ တပ်ဆင်နေမယ်ဆိုရင် ဒါကလည်း မဖြစ်သင့်ဘူး။ ဒါက တစ်ဖက်က အာဏာသုံးပြီးတော့ မဟာလူမျိုးကြီးဝါဒကို တစ်နည်းတစ်လမ်းနဲ့ အကောင်အထည် ဖော်နေတယ် လို့ဘဲ တိုင်းရင်းသားတွေဘက်က ခံစားမိတယ်။ ဥပမာ ကျနော်တို့ မွန်ပြည်နယ်မှာလည်း တံတားကိစ္စပေါ့ဗျာ ။ အဲဒါကိုလည်း လူထုက မကျေနပ်ဘူးဗျ။ ဒါပေမယ့်လည်း မကျော်လွှဲနိုင်တော့လည်း ခံလိုက်ရတယ်။ အဲလိုပုံစံမျိုး အတင်းအကြပ်ပေ့ါဗျာ” ဟု ပြောသည်။
ကယားပြည်နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကလည်း ကရင်နီလူငယ်များနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ပြောဆိုထားကြသည်။
“ဒီနည်းလမ်းဖြေရှင်းချက်မျိုးကတော့ လုံးဝအဖြေမရှိနိုင်ဘူး လို့ယူဆတယ်။ ဒီလိုဖြေရှင်းမှုကို အစိုးရက ကျင့်သုံးလေ ကျနော်တို့ ပြည်ထောင်စုပေါ်မှာ တိုင်းရင်းသားတွေထားတဲ့စိတ်ဓိတ်တွေက ပိုယိုယွင်းလာလေဖြစ်သလို လူမျိုးရေး ကြားမှာပေါ့နော် ယုံကြည်မှုတွေက ပိုခက်ခဲလာတယ်။ ဒါဗမာလူမျိုး၊ ဗမာခေါင်းဆောင် လူမျိုးပေါ်မှာ မုန်းတီးတဲ့ဟာတွေ ပိုပါလာတယ်။ ကြေးရုပ်ရဲ့ အခြေအနေက နောက်ဆုံးအခြေအနေက အစိုးရဖက်က ဆန့်ကျင်ကန့်ကွက်မှု မှန်သမျှကို ဖိနှိပ်မယ်၊ နှိပ်ကွပ်မယ်၊ ဖမ်းမယ်၊ စီးမယ် ဆိုကတည်းက ဘယ်လိုခေါ်မလဲ မတရားအမိန့်တွေ ဖြစ်နေတယ်။ ဒီကိစ္စက မဖြစ်သင့်ဘူးလို့မြင်တယ်ပေါ့” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး က ပြောသည်။
ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီ ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်းကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်း သားများကြား စည်းလုံးညီညွတ်မှုများကို ပြိုကွဲစေကြောင်း၊ ထို့အပြင် ကရင်နီသမိုင်းအားလည်း ပျက်ပြားစေကြောင်း ကရင်နီလူငယ် (၆) ဦးက ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က လက်မှတ်ထိုးကာ ထုတ်ပြန်ခဲ့သည့်စာကြောင့် ယခုကဲ့သို့ တရားစွဲဆို ဖမ်းဆီးခံရကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
ကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှ စတင်ကာ ဗိုလ်ချုပ်ကြေးရုပ်အား တည်ဆောက်ရန် လုပ်ဆောင်ရာမှ ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအကြား သွေးကွဲစေခဲ့ပြီး ပဋိပက္ခအသွင်ဆောင်ကာ ကန့်ကွက်ဆန္ဒထုတ် ဖော်မှုများ၊ ထောက်ခံကြောင်းဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။
ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်အား အတင်းအဓမ္မတည်ဆောက်ခဲ့ခြင်း၊ ကန့်ကွက်လူငယ်များနှင့် ဒေသခံပြည်သူများအား ဖမ်းဆီးတရားစွဲခြင်း၊ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခြင်း၊ စစ်တပ်အင်အားအသုံးပြု၍ ခြိမ်းခြောက်ခြင်း စသည့် အာဏာရှင်ဆန်သည့် လုပ်ရပ်များအား ယခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ကျူးလွန်ခဲ့သည့်အတွက် ၎င်းနေ့ရက်ကိုလည်း ကရင်နီပြည် လူထုအေရေးတော်ပုံနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြသည်။