တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု အစိုးရ ပြောခွင့်ရပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်။
တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသည့် ကာလအတွင်း စစ်ရေး၊ နိုင်ငံရေး အမြတ်မထုတ်ပဲ စိတ်ရင်းစေတနာ အပြည့်ဖြင့် စားပွဲဝိုင်းပေါ်တွင် တေ့ွဆုံဆွေးနွေးရန်လိုသည်ဟု နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။
“နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကို တကယ်လိုလားတဲ့ ဆန္ဒပေါ့နော နောက်တစ်ခုက ဒီလိုမျိုးဆွေးနွေးပွဲတွေ ကျင်းပစဉ်ကာလကို ကျနော်တို့ အမြတ်ထုတ်ခြင်း မပြုပဲနဲ့ စိတ်ရင်းစေတနာ အမှန်နဲ့ စားပွဲဝိုင်းမှာ ကျနော်တို့ မြန်မြန်ဆန်ဆန် ဆွေးနွေးတာက အကောင်းဆုံးဖြစ်မယ် ဒါဟာကိုလည်းကျနော်တို့ သက်ဆိုင်တဲ့ ခေါင်းဆောင်တွေ အားလုံးကိုလည်း ကျနော်တို့ အနေနဲ့ တိုက်တွန်းချင်ပါတယ်” ဟု ဦးဇော်ဌေး က ပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့ နံနက်အချိန်တွင် မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော် ဗိုလ်သင်တန်းကျောင်း အပါအဝင် အနီးအနားရှိ တပ်စခန်းများကို မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့ ၃ ဖွဲ့က တိုက်ခိုက်ခဲ့သည့်အပေါ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၁၆ ရက်နေ့ ယနေ့တွင် ပြုလုပ်သည့် သမ္မတရုံး၏ သတင်းစာရှင်လင်းပွဲတွင် တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ နေ့က မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းနေသည့် ကာလအတွင်း ထိုးစစ်ဆင်နေမှုများကို တပ်မတော်အနေဖြင့် ရပ်တန့်ပေးရန် တောင်းဆိုလိုက်ပြီး ၃ ရက်အကြာတွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း တပ်မတော်ဖက်မှ ၉ ဦးကျဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၃ ဦးကျဆုံးပြီး၊ ၂ ဦးဒဏ်ရာရရှိကြောင်း၊ အရပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိသည့်အတွက် စုစုပေါင်း ၁၅ သေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိသည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ၎င်းတို့ဒေသအတွင်းသို့ တပ်မတော်မှ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာသည့်အပြင် ၎င်းတို့လှုပ်ရှားရာ ဒေသတွင်းအထိ ရောက်ရှိလာကာ တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် ပြန်လည် စစ်ရေးဖိအားပေးသည့် အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
၎င်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် PSLF/TNLA ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့) အဖွဲ့တို့ ဖြစ်သည်။
ယခုကဲ့သို့ လုပ်ရပ်မျိုးသည် နိုင်ငံတော် အစိုးရကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေပြီး များစွာထိခိုက်နစ်နာစေသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် မလုပ်ဆောင်သင့်ဘူးဟု ဦးဇော်ဌေးက ပြောသည်။
သို့သော် ယခုဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးမားစွာ ထိခိုက်စေနိုင်သော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် အစိုးရအနေဖြင့် လမ်းဖွင့်ထားဆဲဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထို့ကြောင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဦးဇော်ဌေး က ပြောသည်။
“ကျနော်တို့ ထပ်မံပြီးတော့ ဆွေးနွေးနိုင်ဖို့ ကြားထဲမှာ ကျနော်တို့ contact person တွေ နောက်ပြီးတော့ ငြိမ်း ချမ်းရေး အကျိုးဆောင်တွေကနေတစ်ဆင့် လှမ်းပြီးတော့ ညှိနှိုင်းနေပါတယ်။ အမြန်ဆုံး တွေ့ဆုံနိုင်ဖို့ ကျနော်တို့ဖက်က ဖိတ်ခေါ်ပြီးတော့ ညှိနှိုင်းနေဆဲ အခြေအနေဖြစ်ပါတယ်။”
လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံရေး အဖြေမဟုတ်ကြောင်း ပဋိပက္ခများ၏ အဖြေကို ရရှိလိုပါက နိုင်ငံရေး ဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ရန်လိုသည်ဟု ဆိုသည်။
PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “အမှန်ကတော့ ဆွေးနွေးပွဲလုပ်ဖို့လိုတာပါ။ ဆွေးနွေးပွဲတွေ တောက်လျှောက်မှာလည်း စစ်ရှိန်တွေ တိုက်ပွဲတွေ ထိုးစစ်တွေ လျော့ပေးဖို့ ကျနော်တို့ ဆွေးနွေးအကြံပြုတာတွေရှိတယ်။ ဒါပေမယ့် ဒီနေ့အထိ ဘာမှလျော့သွားတာမရှိဘူး။ တိုက်ပွဲကပိုပြီးတော့ ပြင်းထန်လာတယ်။ ဆွေးနွေးပွဲ ဆွေးနွေးဖို့အတွက် ကျနော်တို့ဘက်ကတော့ အဆင်သင့်ရှိတယ်။ ဟိုဘက်က သူတို့ က နေရာညှိနှိုင်းမှုကြောင့် ကြန့်ကြာနေတာ။ မိုင်းလားမှာ တွေ့ဖို့ဆိုတာကလည်း ကျနော်တို့ကို ဘာမှဒါရိုက်ပြော လာတာမရှိသေးဘူး” ဟု ပြောသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်ရေး ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နောက်ထပ်တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြသော်လည်း တွေ့ဆုံမည့် နေရာညှိနှိုင်းရာတွင် အဆင်မပြေသည့်နောက်ပိုင်း ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။