မူးယစ်ဆေး စွပ်စွဲချက် မြောက်ပိုင်း အဖွဲ့များ ပယ်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးများ ဖမ်းဆီးခြင်းကြောင့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များက တိုက်ပွဲများ ဖော်ဆောင်ခြင်းဖြစ်သည်ဟူသော တပ်မတော်၏ စွပ်စွဲချက်ကို မြောက်ပိုင်းမဟာမိတ်တပ်များက ငြင်းဆိုလိုက်သည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီကျနော်တို့နဲ့ မူးယစ်ဆေးဝါးက သက်ဆိုင်မှုဆိုတာ လုံးဝမရှိပါဘူး။ မူးယစ်ဆေးဝါးက ကျနော်တို့လည်း တောက်လျှောက် တိုက်ဖျတ်မှုတွေ ပြုလုပ်ပါတယ်။ ကျနော်တို့ ဒေသမှာ ပြောရမယ် ဆိုရင်တော့ ဒီအစိုးရ တာဝန်ရှိသူတောင်မှ မူးယစ်ဆေးဝါး ကျနော်တို့လောက် တိုက်ဖျတ်မှုတွေလုပ်တာ မရှိဘူး။ သူတို့ပြောတဲ့ ကွတ်ခိုင်ဖက်မှာ သူတို့ဖမ်းဆီးရတဲ့ဟာလည်း ကျနော်တို့နဲ့လည်း လုံးဝသက်ဆိုင်မှု မရှိပါဘူး” ဟု ပြောသည်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် စတင်ကတည်းက ယနေ့အချိန်ထိ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ခဲ့ကြောင်း၊ ဘိန်းစိုက်ခင်းများ ဖျက်ဆီးခြင်း၊ မူးယစ်ဆေး ရောင်းသူများအား ထိရောက်စွာ အရေးယူခြင်းကို လုပ်ဆောင်လျှက်ရှိသည်ဟု PSLF/TNLA က ပြောသည်။

တအန်း(ပလောင်) နယ်မြေများအတွင်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မူးယစ်ဆေးဝါးတိုက်ဖျက်မှုလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီဖြစ်သော်လည်း ပန်းဆေးပြည် သူ့စစ်နယ်မြေများတွင် ဆက်လက်လုပ်ဆောင်မှုများ ရှိနေသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

“ကျနော်တို့စထောင်ကတည်းက အမျိုးသားရေးတာဝန်အဖြစ် မူးယစ်ဆေးကို တိုက်ဖျက်ခဲ့တယ်။ ကျနော်တို့ တိုက်ဖျက်လာလို့ပဲ မန္တလေး-မူဆယ် ပြည်ထောင်စုကားလမ်း အနောက်ခြမ်းမှာ ပန်းဆေးပြည်သူ့စစ်နေတဲ့ နေရာကလွဲလို့ ကျန်တဲ့နေရာမှာ စိုက်ပျိုးမှုမရှိတော့ဘူး။ အရင်က မူးယစ်ဆေးမသုံးတဲ့လူမရှိတဲ့ အနေအထားကနေ သုံးစွဲသူနည်းလာတယ်။ အခုက ကျနော်တို့နေလို့မရတဲ့ မြို့ထဲကနေ ကျနော်တို့ဆီကို ပြန်ဝင်တာမျိုးပါ။”

ရက္ခိုင့်တပ်တော် AA ကလည်း တပ်မတော်က ကွတ်ခိုင်မြိုနယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ၎င်းတို့အဖွဲ့ ပတ်သက်ဆက်နွယ်နေသည်ဟု ပြောဆိုမှုအပေါ် ယခုကဲ့သို့ တုန့်ပြန်ပြောဆိုသည်။

“သိပ်မကြာခင်ကလည်းပဲ ရှမ်းမြောက်ဖက် မူးယစ်ဆေးဝါးစက်ရုံတစ်ချို့အဲဒီမှာ သူတို့ အဝေအစား မတည့်လို့ အဲဒီမှာ ဖမ်းဆီးတယ်။ ဆိုပြီးတော့ အဖမ်းပြတဲ့ ဟာတွေရှိတယ်။ အဲဒါတွေကို စစ်ကြည့်လိုက်တဲ့အခါမှာ တပ်မမှူးတွေ ကိုယ်တိုင် ပါဝင်ပါတ်သက်နေတဲ့ ဥစ္စာတွေရှိတယ်။ နောက်ပြီးတော့ စစ်ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ ဥစ္စာတွေရှိတယ် ဆိုတော့အဲဒီဥစ္စာတွေ နောက်ပိုင်းကျလို့ရှိရင်တော့ ဒါပိုင်ရှင်မဲ့ဖြစ်သွားတာပေါ့ နော်။”

ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် အနီးအနားရှိ တပ်မတော် တပ်စခန်းများနှင့် မူးယစ်ရဲတပ်ဖွဲ့စခန်းကို မြောက်ပိုင်း မဟာမိတ် ပူးပေါင်းအဖွဲ့ ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် မူးယစ်ဆေးဝါး စစ်ဆေးရာတွင် အသုံးပြုသည့် X-Ray စက်ကိုလည်း ဖျက်ဆီးခဲ့ခြင်းသည် တပ်မတော်က ကွတ်ခိုင်မြို့နယ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့ ဆက်စပ်မှုကြောင့်ဖြစ်သည် တပ်မတော်က စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

၎င်းတို့အဖွဲ့များသည် ပြီးခဲ့သည် ၂၀၁၉ ဇူ လိုင်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ အရှေ့တောင် ဘက် ချောင်းဆုံ နေရာ တစ်ဝိုက် မူးယစ်ဆေးဝါးစုစုပေါင်း တန်ဖိုးငွေ ၁၆ ဘီလီယံကျော် နှင့် မူးယစ်ဆေးဝါးရိုက် စက်အပါအဝင် ဆက်စပ်ပစ္စည်းများ ဘိန်းချက်စခန်းများအားလည်းကောင်း။ သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့ တောင်မြို့နယ် ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီ ယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှု မရှိသည့်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သြဂုတ်လ ၁၅ ရက်နေ့က တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “ဒီX-Ray စက်ကို မူးယစ်ဆေးဝါး စစ်တဲ့စက်ကို ဘာလို့ လက်နက်ကြီးနဲ့ ပစ်သလဲ ဒါတွေလည်း သတင်းထောက်များ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ တစ်ဖက် မှာလည်း ကျနော်တို့ နောင်ချိုမှာရှိတဲ့ မူးယစ်ရဲတပ်ဖွဲ့စခန်းတွေ ဝင်တိုက်သွားတာတွေရှိပါတယ် ဆိုလိုတာက တော့ ဒီမူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ အပိုင်းတွေကို ထိခိုက်ပျက်ပြားအောင် လုပ်တဲ့သဘောလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု သြဂုတ်လ ၁၆ ရက်နေ့ ယမန် နေ့က သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲ သတင်းထောက်များအား ပြောသည်။

အဆိုပါပြောဆိုမှုနဲ့ပတ်သက်၍ ရက္ခိုင့်တပ်တော် AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ဒီဟာကတော့ သူတို့ရဲ့ အကြောင်းပြချက်ပဲ ဖြစ်တယ်ဗျာ။ ဆိုတော့ ဗမာစစ်တပ်တွေက သူတို့ တိုက်ခိုက်ခံရတဲ့ အခါ တိုင်းမှာ အစိုးရပဲဖြစ်ဖြစ် စစ်တပ်ပဲဖြစ်ဖြစ် သူတို့က အဲဒီလိုမျိုး အမြဲတမ်းပေါ့နော် အဲဒီအရှုံးထဲက အမြတ်ပေါ့ နော အဲလိုမျိုး တုန့်ပြန်တဲ့ ဥစ္စာတွေရှိတယ်” ဟုပြောသည်။

မူးယစ်ဆေးဝါး စစ်ဆေးသည့် X-Ray စက် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ခိုင်သုခက ယခုလိုဆက်ပြောသည်။

“ခုလည်းပဲ သူတို့က မူးယစ်ဆေးဝါး ထိန်းချုပ်တဲ့စက်ကိုနေပြီးတော့ X-Ray စက်ကိုပစ်သွားတယ် ဘာညာဆိုပြီး တော့ အဲလိုမျိုး အကြောင်းပြတာရှိတယ်။ စစ်ရေးမှာကတော့ ဒါအကုန်သူနားလည်တဲ့ကိစ္စဗျာ။ ဒါပစ်ခတ်သွား ပြီဆိုလို့ရှိရင် ဘယ်နေရာမှာ ဘာရှိတယ် ဘယ်ဟာကို မထိပါစေနဲ့ ဆိုတဲ့ဟာမျိုးကတော့ဒါ အဲဒီတိုက်ခိုက်တဲ့ အချိန်မျိုးမှာ သိပ်ပြီးတော့ ထိန်းချုပ်လို့ မလွယ်ဘူးပေါ့နော” ဟု ပြောသည်။

တပ်မတော်၏ နည်းပညာ တက္ကသိုလ်နှင့် တပ်မတော် တပ်စခန်း၊ မူးယစ်ရဲစခန်းများကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ သည့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှာ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် PSLF/TNLA ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့) အဖွဲ့တို့ ဖြစ်သည်။